
သင့်အီးမေးလ်လိပ်စာဟာ သင့် Deriv အကောင့်အတွက် ဆက်သွယ်ရန် အချက်အလက်သက်သက်ထက် ပိုပါတယ်။ အဲဒီအီးမေးလ်ကနေ စကားဝှက်ပြန်လည်သတ်မှတ်ရန် လမ်းညွှန်ချက်တွေနဲ့ လုံခြုံရေး အတည်ပြုကုဒ်တွေကို လက်ခံရရှိနိုင်တာကြောင့် အီးမေးလ်ကို ကာကွယ်ထားခြင်းက သင့် Deriv အကောင့် ဝင်ရောက်ခွင့်ကိုပါ ကာကွယ်ပေးရာရောက်ပါတယ်။ ဒီလမ်းညွှန်မှာ သင့်အီးမေးလ်ကို လုံခြုံအောင်ထားနည်း၊ Phishing လိမ်လည်ဖို့ ကြိုးပမ်းမှုတွေကို ခွဲခြားသိရှိနည်းနဲ့ မူမမှန်တာတစ်ခုခု တွေ့ရတဲ့အခါ တည်တည်ငြိမ်ငြိမ် တုံ့ပြန်ဖြေရှင်းနည်းတွေကို ရှင်းပြထားပါတယ်။
အကျဉ်းချုပ်
- သင့်အီးမေးလ်အကောင့်အတွက် သီးသန့်ဖြစ်ပြီး ခိုင်မာတဲ့ စကားဝှက်နဲ့ အဆင့်နှစ်ဆင့်ခံ အတည်ပြုစနစ် (2FA) ကို အသုံးပြုပါ။
- မမျှော်လင့်ထားတဲ့ အကောင့်ဝင်ရောက်မှု သတိပေးချက်တွေ၊ စကားဝှက်ပြန်လည်သတ်မှတ်တဲ့ အီးမေးလ်တွေနဲ့ အရေးတကြီး ပေးပို့လာတဲ့ မက်ဆေ့ချ်တွေကို ချက်ချင်းနှိပ်ကြည့်ရမယ့်အရာလို့ မယူဆဘဲ စစ်ဆေးအတည်ပြုရမယ့် အချက်ပြမှုတွေအဖြစ် သဘောထားပါ။
- မိမိမတောင်းဆိုထားဘဲ ရောက်လာတဲ့ မက်ဆေ့ချ်တွေထဲက လင့်ခ်တွေကို နှိပ်မယ့်အစား တရားဝင် ဝက်ဘ်ဆိုက် ဒါမှမဟုတ် အက်ပ်ကနေတစ်ဆင့် Deriv ကို တိုက်ရိုက်ဖွင့်ပါ။
- စကားဝှက်တွေ၊ တစ်ခါသုံးကုဒ်တွေ ဒါမှမဟုတ် အကောင့်ပြန်လည်ရယူရေးကုဒ်တွေကို ဘယ်သူ့ကိုမှ မျှဝေခြင်းမပြုပါနဲ့။
- သင့်အီးမေးလ် ခိုးယူခံထားရတယ်လို့ သံသယရှိရင် အရင်ဆုံး သင့်အီးမေးလ်ကို လုံခြုံအောင် ပြန်လည်ထိန်းချုပ်ပါ၊ အဲဒီနောက် သင့် Deriv စကားဝှက်ကို ပြောင်းလဲပြီး တရားဝင် အကူအညီပေးရေး လမ်းကြောင်းတွေကနေတစ်ဆင့် Deriv ကို ဆက်သွယ်ပါ။
သင့်အီးမေးလ်က သင့် Deriv အကောင့်အတွက် ဘာကြောင့် အရေးကြီးသလဲ
သင်စာရင်းသွင်းထားတဲ့ အီးမေးလ်ကို အရေးကြီးတဲ့ အကောင့်လုံခြုံရေး လုပ်ငန်းစဉ်တွေမှာ အသုံးပြုနိုင်ပါတယ်။ ဥပမာအနေနဲ့ Deriv ရဲ့ စကားဝှက်ပြန်လည်သတ်မှတ်တဲ့ လုပ်ငန်းစဉ်ဟာ စာရင်းသွင်းထားတဲ့ အီးမေးလ်လိပ်စာဆီ လမ်းညွှန်ချက်တွေ ပေးပို့ပေးပြီး တချို့သော အကောင့်လုပ်ဆောင်ချက်တွေအတွက် အဲဒီအီးမေးလ်ဆီ ပေးပို့တဲ့ တစ်ခါသုံး စကားဝှက် (OTP) လိုအပ်နိုင်ပါတယ်။ ဒါကြောင့် အီးမေးလ်လုံခြုံရေးဟာ သီးခြားလုပ်ဆောင်ရမယ့် အလုပ်တစ်ခုမဟုတ်ဘဲ အကောင့်ဝင်ရောက်ခွင့်ကို ကာကွယ်ရာမှာ မရှိမဖြစ် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။
တကယ်လို့ တစ်စုံတစ်ယောက်က သင့်အီးမေးလ် Inbox ကို ထိန်းချုပ်သွားနိုင်ရင် လုံခြုံရေး အသိပေးချက်တွေကို ဖတ်ရှုတာ၊ စကားဝှက်ပြန်လည်သတ်မှတ်ဖို့ တောင်းဆိုတာ ဒါမှမဟုတ် အတည်ပြုမက်ဆေ့ချ်တွေကို ကြားဖြတ်ရယူတာတွေ လုပ်ဆောင်သွားနိုင်ပါတယ်။ သင့်အီးမေးလ်အကောင့်ကို ကာကွယ်ထားခြင်းက အဲဒီမက်ဆေ့ချ်တွေအပေါ် သင်ကိုယ်တိုင်ပဲ လုပ်ဆောင်နိုင်ကြောင်း သေချာစေဖို့ ကူညီပေးပါတယ်။
သီးသန့်အီးမေးလ်စကားဝှက်တစ်ခု သတ်မှတ်ခြင်းဖြင့် စတင်ပါ
သီးသန့်စကားဝှက်ဆိုတာ Deriv၊ လူမှုကွန်ရက်၊ ဈေးဝယ်ဝက်ဘ်ဆိုက်တွေ ဒါမှမဟုတ် တခြားဘယ်ဝန်ဆောင်မှုမှာမှ သင်အသုံးမပြုထားတဲ့ စကားဝှက်ကို ဆိုလိုပါတယ်။ တခြားဝက်ဘ်ဆိုက်တစ်ခုက စကားဝှက်ဟာ ဒေတာပေါက်ကြားမှုတစ်ခုမှာ ပါသွားခဲ့ရင် အဲဒီစကားဝှက်ကိုပဲ ပြန်သုံးထားတဲ့အခါ အကောင့်အများအပြားကို အန္တရာယ်ကျရောက်စေနိုင်ပါတယ်။
ခန့်မှန်းရခက်ပြီး ရှည်လျားတဲ့ စကားဝှက် ဒါမှမဟုတ် စကားစုစကားဝှက်ကို ရွေးချယ်ပါ။ ယုံကြည်စိတ်ချရတဲ့ Password manager တစ်ခုက သီးသန့်စကားဝှက်တွေကို ဖန်တီးပေးပြီး သိမ်းဆည်းပေးနိုင်တာကြောင့် စကားဝှက်တွေအားလုံးကို အလွတ်မှတ်ထားစရာ မလိုတော့ပါဘူး။
သင့်အီးမေးလ်နဲ့ Deriv နှစ်ခုလုံးမှာ 2FA ကို ဖွင့်ထားပါ
အဆင့်နှစ်ဆင့်ခံ အတည်ပြုစနစ်ဟာ သင့်စကားဝှက်အပြီးမှာ ဒုတိယအဆင့် စစ်ဆေးမှုတစ်ခုကို ထပ်ပေါင်းပေးပါတယ်။ အီးမေးလ်အတွက်ဆိုရင် SMS မက်ဆေ့ချ်ကုဒ်တွေကိုပဲ အားကိုးတာထက် Authenticator အက်ပ်ကို အသုံးပြုတာက SIM-swap တိုက်ခိုက်မှုလိုမျိုး အန္တရာယ်တွေနဲ့ ထိတွေ့နိုင်ခြေ ပိုနည်းတာကြောင့် ယေဘုယျအားဖြင့် ပိုမိုခိုင်မာတဲ့ ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။
Deriv နဲ့ ချိတ်ဆက်ထားတဲ့ အီးမေးလ်အကောင့်မှာ 2FA ကို ဖွင့်ပါ၊ အဲဒီနောက် သင့် Deriv အကောင့်မှာလည်း ထပ်မံဖွင့်ထားပါ။ ဒါတွေဟာ သီးခြားကာကွယ်မှုတွေ ဖြစ်ပါတယ် : တစ်ခုတည်းကိုပဲ လုံခြုံအောင်ထားရင် ကျန်တစ်ခုမှာ အန္တရာယ်ကျရောက်နိုင်ခြေ ပိုများနေစေပါတယ်။

မတုံ့ပြန်မီ Phishing လိမ်လည်မှုကို ခွဲခြားသိရှိပါ
Phishing ဆိုတာ သင့်ဆီကနေ အချက်အလက်တွေ ထုတ်ဖော်ပြောပြမိအောင်၊ အန္တရာယ်ရှိတဲ့ လင့်ခ်ကို နှိပ်မိအောင်၊ Malware ဒေါင်းလုဒ်ဆွဲမိအောင် ဒါမှမဟုတ် ဝက်ဘ်ဆိုက်အတုမှာ အကောင့်ဝင်မိအောင် လှည့်ဖြားဖို့ ကြိုးပမ်းမှုဖြစ်ပါတယ်။ အီးမေးလ်၊ မက်ဆေ့ချ်၊ လူမှုကွန်ရက် ဒါမှမဟုတ် ဖုန်းခေါ်ဆိုမှုကနေတစ်ဆင့် ရောက်လာနိုင်ပြီး သင်ရင်းနှီးပြီးသား အမှတ်တံဆိပ်တွေပုံစံ တုပထားနိုင်ပါတယ်။
အစစ်နဲ့တူတဲ့ လိုဂို ဒါမှမဟုတ် ပြသထားတဲ့ အမည်ကို မြင်ရရုံနဲ့ မက်ဆေ့ချ်တစ်စောင်ဟာ အစစ်အမှန်ဖြစ်တယ်လို့ သက်သေမပြနိုင်ပါဘူး။ မတုံ့ပြန်ခင်မှာ ခဏရပ်ပြီး အသေးစိတ်အချက်အလက်တွေကို စစ်ဆေးပါ။
ပေးပို့သူရဲ့ လိပ်စာအပြည့်အစုံနဲ့ ဦးတည်ရာလင့်ခ်ကို စစ်ဆေးပါ
သင့် Inbox ထဲမှာ ပြထားတဲ့ အမည်ကိုပဲ မကြည့်ဘဲ ပေးပို့သူရဲ့ လိပ်စာအပြည့်အစုံကို စစ်ဆေးပါ။ လိမ်လည်တဲ့ လိပ်စာတွေဟာ စာလုံးပေါင်းအမှားတွေ၊ အပိုစကားလုံးတွေ ဒါမှမဟုတ် မသက်ဆိုင်တဲ့ ဒိုမိန်းတွေကို အသုံးပြုတတ်ကြပါတယ်။ တရားဝင်လိပ်စာတွေ ဒါမှမဟုတ် ပရိုဖိုင်တွေနဲ့ ဆင်တူပေမဲ့ စာလုံးပေါင်းအမှားတွေ ပါဝင်နေတဲ့ မက်ဆေ့ချ်တွေကို သတိထားဖို့ Deriv က သုံးစွဲသူတွေကို အကြံပြုထားပါတယ်။
ကွန်ပျူတာပေါ်မှာ လင့်ခ်တစ်ခုကို မနှိပ်ခင် အဲဒီလင့်ခ်ပေါ် မောက်စ်တင်ကြည့်ပြီး ဦးတည်ရာလိပ်စာကို စစ်ဆေးပါ။ မိုဘိုင်းဖုန်းမှာတော့ လင့်ခ်ကို လုံးဝမနှိပ်ဘဲ ရှောင်ရှားတာက အများအားဖြင့် ပိုမိုဘေးကင်းပါတယ် : သင့်ဘရောက်ဇာ ဒါမှမဟုတ် Deriv အက်ပ်ကို ကိုယ်တိုင်ဖွင့်ပြီး တရားဝင်လမ်းကြောင်းကနေတစ်ဆင့် အကောင့်ဝင်ပါ။
မိမိမတောင်းဆိုထားဘဲ ရောက်လာတဲ့ လင့်ခ်တစ်ခုကို နှိပ်ပြီးနောက် သင့်စကားဝှက်၊ OTP၊ 2FA ကုဒ်၊ အကောင့်ပြန်လည်ရယူရေးကုဒ် ဒါမှမဟုတ် ငွေကြေးဆိုင်ရာ အချက်အလက်တွေကို လုံးဝမထည့်သွင်းပါနဲ့။
အရေးတကြီး ဖိအားပေးလာရင် အချိန်ယူစဉ်းစားဖို့ သတိပေးချက်အဖြစ် သဘောထားပါ
Phishing မက်ဆေ့ချ်တစ်စောင်က သင့်အကောင့် ပိတ်သိမ်းခံရတော့မယ်၊ ငွေပေးချေမှုတစ်ခု စောင့်ဆိုင်းနေတယ် ဒါမှမဟုတ် ချက်ချင်းလုပ်ဆောင်ဖို့ လိုအပ်တယ်ဆိုပြီး ပြောဆိုလာနိုင်ပါတယ်။ ရည်ရွယ်ချက်ကတော့ အဲဒီတောင်းဆိုချက်ကို သင်စစ်ဆေးချိန်မရခင်မှာ ဖိအားပေးဖို့ပဲ ဖြစ်ပါတယ်။
ချက်ချင်းလုပ်ဆောင်မယ့်အစား ခဏရပ်ပြီး ကိုယ်တိုင်သီးခြား စစ်ဆေးအတည်ပြုပါ။ သိမ်းဆည်းထားတဲ့ Bookmark ကနေ Deriv ကို ဖွင့်ပါ၊ တရားဝင်လိပ်စာကို သင့်ဘရောက်ဇာထဲ ရိုက်ထည့်ပါ ဒါမှမဟုတ် Deriv အက်ပ်ကို အသုံးပြုပါ။ မက်ဆေ့ချ်တစ်စောင်က အစစ်အမှန်ဟုတ်မဟုတ် ဆုံးဖြတ်ဖို့ အကူအညီလိုအပ်ရင် တရားဝင် ဆက်သွယ်ရန် နည်းလမ်းတွေကနေတစ်ဆင့် Deriv ကို ဆက်သွယ်ပါ။
ဖိုင်တွေနဲ့ ပူးတွဲပါဖိုင်တွေကို သတိထားပါ
မမျှော်လင့်ထားတဲ့ ပူးတွဲပါဖိုင်တွေထဲမှာ အန္တရာယ်ရှိတဲ့ ဆော့ဖ်ဝဲတွေ ပါဝင်နေနိုင်ပါတယ်။ မိမိမတောင်းဆိုထားဘဲ ရောက်လာတဲ့ မက်ဆေ့ချ်တွေထဲက ဖိုင်တွေ၊ အထူးသဖြင့် .exe ၊ .com ၊ .bat ဒါမှမဟုတ် .scr လိုမျိုး Run နိုင်တဲ့ ဖိုင်အမျိုးအစားတွေကို ဒေါင်းလုဒ်မဆွဲပါနဲ့။ တကယ်လို့ သင်မျှော်လင့်မထားတဲ့ စာရွက်စာတမ်းဖိုင်တစ်ခု ရောက်လာရင် မဖွင့်ကြည့်ခင် ယုံကြည်စိတ်ချရတဲ့ လမ်းကြောင်းကနေတစ်ဆင့် အရင်ဆုံး စစ်ဆေးအတည်ပြုပါ။

ပိုမိုဘေးကင်းတဲ့ အီးမေးလ်အသုံးပြုမှု အလေ့အထတစ်ခု တည်ဆောက်ပါ
လုံခြုံရေးဆိုတာ ထိတ်လန့်စရာကိစ္စတစ်ခု ကြုံလာမှ တုံ့ပြန်လုပ်ဆောင်တာထက် ပုံမှန်အလေ့အထတစ်ခုအဖြစ် ကျင့်သုံးတဲ့အခါ အထိရောက်ဆုံး ဖြစ်ပါတယ်။ အထူးသဖြင့် စက်ပစ္စည်းတွေ ဒါမှမဟုတ် စကားဝှက်တွေ ပြောင်းလဲပြီးတဲ့အခါ သင့်အီးမေးလ်အကောင့်ရဲ့ လုံခြုံရေး ဆက်တင်တွေကို ပုံမှန်ပြန်လည်စစ်ဆေးပါ။
အကောင့်ပြန်လည်ရယူရေး နည်းလမ်းတွေနဲ့ လက်ရှိဝင်ရောက်ထားမှုတွေကို ပြန်လည်စစ်ဆေးပါ
သင့်အကောင့် ပြန်လည်ရယူရေး ဖုန်းနံပါတ်နဲ့ အရန်အီးမေးလ်လိပ်စာကို နောက်ဆုံးပေါ်အချက်အလက်အတိုင်း ရှိနေပါစေ၊ ဒါပေမဲ့ အဲဒီပြန်လည်ရယူရေး လမ်းကြောင်းတွေကိုလည်း လုံခြုံအောင် ထားရှိဖို့ သေချာပါစေ။ သင့်အီးမေးလ်ဝန်ဆောင်မှုရဲ့ လုံခြုံရေး ဆက်တင်ထဲမှာ ဖော်ပြထားတဲ့ စက်ပစ္စည်းတွေနဲ့ လက်ရှိအကောင့်ဝင်ရောက်ထားမှုတွေကို ပြန်လည်စစ်ဆေးပါ။ သင်မသိတဲ့ စက်ပစ္စည်းတွေ ဒါမှမဟုတ် အကောင့်ဝင်ရောက်ထားမှုတွေကနေ အကောင့်ပြန်ထွက်လိုက်ပါ။
သင်ကိုယ်တိုင် ပြုလုပ်ထားခြင်းမရှိတဲ့ အီးမေးလ်ထပ်ဆင့်ပို့ဆောင်မှု စည်းမျဉ်းတွေ မရှိစေဖို့ သတိပြုရှောင်ရှားပါ။ Inbox တစ်ခုထဲကို ဝင်ရောက်ခွင့်ရသွားတဲ့ တိုက်ခိုက်သူတွေဟာ သင်စကားဝှက်ပြောင်းလိုက်ပြီးတဲ့နောက်မှာတောင် လုံခြုံရေးအီးမေးလ် မိတ္တူတွေကို ဆက်လက်ရရှိနေစေဖို့ အလိုအလျောက် ထပ်ဆင့်ပို့ဆောင်တဲ့ စည်းမျဉ်းတွေကို ထည့်သွင်းထားတတ်ကြပါတယ်။
ဆော့ဖ်ဝဲနဲ့ စက်ပစ္စည်းတွေကို အမြဲနောက်ဆုံးပေါ် အဆင့်မြှင့်တင်ထားပါ
သင့်ဖုန်း၊ ဘရောက်ဇာ၊ Operating system နဲ့ Authenticator အက်ပ်တွေအတွက် အပ်ဒိတ်တွေကို ထည့်သွင်းပါ။ အပ်ဒိတ်တွေမှာ လုံခြုံရေးဆိုင်ရာ ပြင်ဆင်ချက်တွေ ပါဝင်လေ့ရှိပါတယ်။ သင့်ဖုန်း ဒါမှမဟုတ် ကွန်ပျူတာမှာ Screen lock ခတ်ထားပြီး အများသုံး ဒါမှမဟုတ် မျှဝေသုံးစွဲတဲ့ စက်ပစ္စည်းတွေကနေ ငွေကြေးဆိုင်ရာ အကောင့်တွေထဲ ဝင်ရောက်ခြင်းကို ရှောင်ကြဉ်ပါ။
မျှဝေသုံးစွဲတဲ့ စက်ပစ္စည်းတွေမှာ ဘရောက်ဇာထဲ စကားဝှက်သိမ်းဆည်းတာ၊ အကောင့်မထွက်ဘဲ ဆက်ဝင်ထားတာ ဒါမှမဟုတ် အကောင့်ပြန်လည်ရယူရေးကုဒ်တွေကို အလွယ်တကူ ဝင်ကြည့်နိုင်အောင် ထားခဲ့တာမျိုး မပြုလုပ်ပါနဲ့။
အကောင့်ပြန်လည်ရယူရေးကုဒ်တွေကို ကာကွယ်ထားပါ
တချို့သော အီးမေးလ်ဝန်ဆောင်မှုတွေဟာ သင် အဆင့်နှစ်ဆင့်ခံ အတည်ပြုစနစ် (2FA) ကို စတင်သတ်မှတ်တဲ့အခါ အကောင့်ပြန်လည်ရယူရေးကုဒ်တွေကို ထုတ်ပေးပါတယ်။ အဲဒီကုဒ်တွေကို Password manager ဒါမှမဟုတ် လုံခြုံအောင် ကာကွယ်ထားတဲ့ တခြားအော့ဖ်လိုင်းနည်းလမ်းတစ်ခုလိုမျိုး လုံခြုံတဲ့နေရာမှာ သိမ်းဆည်းထားပါ။ အဲဒီကုဒ်တွေကို စကားဝှက်တွေလိုပဲ သဘောထားပါ : သင့်ဆီကိုယ်တိုင် ရိုးရိုးစာသားနဲ့ အီးမေးလ်ပြန်ပို့ထားတာ၊ တခြားသူကို မျှဝေတာ ဒါမှမဟုတ် အကာအကွယ်မရှိတဲ့ မှတ်စုထဲမှာ သိမ်းဆည်းထားတာမျိုး မပြုလုပ်ပါနဲ့။
သင့်အီးမေးလ် ခိုးယူခံထားရတယ်လို့ ထင်ရင် ဘာလုပ်သင့်သလဲ
စနစ်တကျ အဆင့်လိုက် လုပ်ဆောင်ပါ။ တခြားအကောင့် အပြောင်းအလဲတွေအတွက် အီးမေးလ်အကောင့်ကို အားမကိုးခင်မှာ အဲဒီအီးမေးလ်အကောင့်ကို ပြန်လည်ရယူပြီး လုံခြုံအောင် ထိန်းချုပ်နိုင်ဖို့က ပထမဦးစားပေး ဖြစ်ပါတယ်။
- သတိပေးချက်အီးမေးလ်ထဲက လင့်ခ်ကို အသုံးမပြုဘဲ သင့်အီးမေးလ်ဝန်ဆောင်မှုရဲ့ တရားဝင် ဝက်ဘ်ဆိုက် ဒါမှမဟုတ် အက်ပ်ဆီကို တိုက်ရိုက်သွားပါ။
- အီးမေးလ်စကားဝှက်ကို မတူညီတဲ့ သီးသန့်စကားဝှက်အသစ်တစ်ခုအဖြစ် ပြောင်းလဲပါ။
- မရင်းနှီးတဲ့ အကောင့်ဝင်ရောက်မှုတွေကနေ ထွက်ပြီး အမည်မသိ စက်ပစ္စည်းတွေ၊ ပြန်လည်ရယူရေး လိပ်စာတွေ၊ ဖုန်းနံပါတ်တွေ၊ အီးမေးလ်ထပ်ဆင့်ပို့တဲ့ စည်းမျဉ်းတွေနဲ့ အက်ပ်ချိတ်ဆက်မှုတွေကို ဖယ်ရှားပါ။
- ရရှိနိုင်တဲ့နေရာတွေမှာ Authenticator အက်ပ်ကို အသုံးပြုပြီး 2FA ကို ဖွင့်ပါ ဒါမှမဟုတ် ပြန်လည်ချိန်ညှိပါ။ ပြန်လည်ရယူရေး ကုဒ်တွေကို လုံလုံခြုံခြုံ သိမ်းဆည်းထားပါ။
- သင့် Deriv စကားဝှက်ကို တရားဝင် Deriv အကောင့်ဝင်ရန် စာမျက်နှာ ဒါမှမဟုတ် အကောင့်ဆက်တင် လမ်းကြောင်းကနေတစ်ဆင့် ပြောင်းလဲပြီး 2FA ဆက်ပွင့်နေသေးလားဆိုတာ စစ်ဆေးပါ။
- သင့် Deriv အကောင့်ကို တခြားတစ်ယောက်ယောက်က ဝင်ရောက်ထားနိုင်တယ်လို့ ယူဆရင် တရားဝင် ပံ့ပိုးကူညီမှုကနေတစ်ဆင့် Deriv ကို ဆက်သွယ်ပါ။

Deriv အကြောင်း ဖော်ပြထားတဲ့ မက်ဆေ့ချ်တွေအတွက် လက်တွေ့စစ်ဆေးရမယ့် စာရင်း
သင့် Deriv အကောင့်ကို ရည်ညွှန်းထားတဲ့ အီးမေးလ်၊ မက်ဆေ့ချ် ဒါမှမဟုတ် ဆိုရှယ်မီဒီယာပို့စ်တစ်ခုကို မတုံ့ပြန်ခင် အောက်ပါအတိုင်း မေးခွန်းထုတ်ကြည့်ပါ :
- ဒီမက်ဆေ့ချ်ကို မျှော်လင့်ထားမိသလား။
- ပေးပို့သူရဲ့ လိပ်စာအပြည့်အစုံက deriv.com နဲ့ အဆုံးသတ်တဲ့ တရားဝင် Deriv လိပ်စာနဲ့ ကိုက်ညီရဲ့လား။
- ဒီမက်ဆေ့ချ်က အမြန်လုပ်ဆောင်ဖို့၊ အချက်အလက်တွေ မျှဝေဖို့ ဒါမှမဟုတ် ငွေလွှဲပြောင်းဖို့ ဖိအားပေးနေသလား။
- ဒီလင့်ခ်ကို သုံးမယ့်အစား Deriv ကို တိုက်ရိုက်ဖွင့်ပြီး တောင်းဆိုချက်ကို အတည်ပြုနိုင်သလား။
- စကားဝှက်၊ OTP၊ 2FA ကုဒ် ဒါမှမဟုတ် ပြန်လည်ရယူရေးကုဒ်ကို တောင်းဆိုနေသလား။ အဲဒီလိုဆိုရင် ရပ်တန့်ပြီး တရားဝင် ပံ့ပိုးကူညီမှုကနေတစ်ဆင့် အတည်ပြုပါ။
ဒီမေးခွန်းတွေက မက်ဆေ့ချ်တစ်ခု စိတ်ချရတယ်ဆိုတာကို သက်သေမပြနိုင်ပေမဲ့ အရေးကြီးတဲ့ လုပ်ဆောင်ချက်တစ်ခု မလုပ်ခင် ခေတ္တရပ်ပြီး စဉ်းစားဖို့ အထောက်အကူပြုပါတယ်။
နောက်တစ်ဆင့် လုပ်ဆောင်ပါ
Deriv နဲ့ ချိတ်ဆက်ထားတဲ့ အီးမေးလ်အကောင့်ရဲ့ လုံခြုံရေးဆက်တင်တွေကို ဒီနေ့ပဲ ပြန်လည်စစ်ဆေးပါ : သီးသန့်စကားဝှက်တစ်ခု သုံးပါ၊ 2FA ဖွင့်ပါ၊ ပြန်လည်ရယူရေး နည်းလမ်းတွေကို စစ်ဆေးပါ၊ ပြီးတော့ သင်မသိတဲ့ အကောင့်ဝင်ရောက်မှုတွေကို ဖယ်ရှားပါ။ အဲဒီနောက် သင့် Deriv အကောင့် လုံခြုံရေးဆက်တင်တွေကို ပြန်လည်စစ်ဆေးပြီး 2FA မဖွင့်ရသေးရင် ဖွင့်ထားပါ။
Quiz
သင့်အီးမေးလ်အကောင့်ထဲကို တစ်စုံတစ်ယောက် ဝင်ရောက်ထားတယ်လို့ ယူဆရင် ဘာကို အရင်ဆုံး လုပ်ဆောင်သင့်ပါသလဲ။


