အဓိကအကြောင်းအရာသို့ ကျော်သွားရန်
သင်ခန်းစာ
3
Forex | အခြေခံအဆင့်

Forex ငွေကြေးအတွဲတွေကို နားလည်သဘောပေါက်ခြင်း

ကြာချိန်
3
မိနစ်

Forex အရောင်းအဝယ်လောကမှာ စတင်လေ့လာသူတွေအတွက် Forex ငွေကြေးအတွဲတွေရဲ့ သဘောတရားကို နားလည်သဘောပေါက်ထားဖို့က အရမ်းအရေးကြီးပါတယ်။ ဗီဒီယိုထဲမှာ ခိုင်မာတဲ့ မိတ်ဆက်ရှင်းလင်းချက်ကို ပေးထားပြီးဖြစ်ပေမဲ့၊ ဒီသင်ခန်းစာမှာတော့ ဗီဒီယို 2 မှာ မိတ်ဆက်ခဲ့တဲ့ Forex ငွေကြေးအတွဲတွေရဲ့ အခြေခံအချက်တွေကို ပိုမိုချဲ့ထွင်ရှင်းပြသွားမှာဖြစ်ပြီး Forex ငွေကြေးအတွဲတစ်ခုရဲ့ ပါဝင်မှုအစိတ်အပိုင်းတွေ၊ Pip တွေရဲ့ အရေးပါပုံနဲ့ သင့်ရဲ့ အရောင်းအဝယ်ပမာဏကို မှန်ကန်စွာ သတ်မှတ်ပုံစတဲ့ အဓိကအချက်တွေကို အလေးပေးဖော်ပြသွားပါမယ်။

Forex ငွေကြေးအတွဲတစ်ခုရဲ့ အစိတ်အပိုင်းများ

Forex ငွေကြေးအတွဲတိုင်းမှာ အခြေခံငွေကြေး (Base Currency) နဲ့ တန်ဖိုးသတ်မှတ်ငွေကြေး (Quote Currency) ဆိုပြီး ငွေကြေးနှစ်မျိုး ပါဝင်ပါတယ်။ အခြေခံငွေကြေးဆိုတာ ငွေကြေးအတွဲမှာ ပထမဆုံးဖော်ပြထားတဲ့ သင်ဝယ်ယူမဲ့ ငွေကြေးဖြစ်ပြီး၊ တန်ဖိုးသတ်မှတ်ငွေကြေးကတော့ ဒုတိယဖော်ပြထားတဲ့ ငွေကြေးဖြစ်ကာ အခြေခံငွေကြေး တစ်ယူနစ်ကို ဝယ်ယူဖို့ လိုအပ်တဲ့ ပမာဏကို ကိုယ်စားပြုပါတယ်။

ဥပမာအားဖြင့် EUR/USD ငွေကြေးအတွဲမှာ :

  • အခြေခံငွေကြေး (Base Currency) : EUR (ယူရို)
  • တန်ဖိုးသတ်မှတ်ငွေကြေး (Quote Currency) : USD (အမေရိကန်ဒေါ်လာ)

EUR/USD အတွက် 1.0697 လိုမျိုး ဈေးနှုန်းဖော်ပြချက်ကို တွေ့တဲ့အခါ ယူရိုတစ်ယူနစ်ဟာ အမေရိကန်ဒေါ်လာ 1.0697 နဲ့ ညီမျှတယ်လို့ ဆိုလိုပါတယ်။ အရောင်းအဝယ်ပြုလုပ်ချိန်မှာ သင်ဟာ အခြေခံငွေကြေးကို ဝယ်ယူပြီး တန်ဖိုးသတ်မှတ်ငွေကြေးကို ရောင်းချနေတာဖြစ်တဲ့အတွက် ဒီဆက်စပ်မှုကို နားလည်ထားဖို့က အခြေခံအကျဆုံး ဖြစ်ပါတယ်။
‍

Pip တွေရဲ့ အရေးပါပုံ

Pip သို့မဟုတ် “percentage in point” ဆိုတာ ငွေကြေးအတွဲတစ်ခုရဲ့ ဈေးနှုန်းပြောင်းလဲမှုတွေကို တိုင်းတာတဲ့ အသေးငယ်ဆုံး ယူနစ်ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ငွေကြေးအတွဲအများစုအတွက် Pip ကို ဒသမနောက် စတုတ္ထနေရာ (0.0001) နဲ့ ကိုယ်စားပြုလေ့ရှိပေမဲ့၊ ယန်း (Yen) ပါဝင်တဲ့ ငွေကြေးအတွဲတွေအတွက်တော့ ဒသမနောက် ဒုတိယနေရာ (0.01) နဲ့ ကိုယ်စားပြုပါတယ်။

Pip တွေဟာ ဈေးနှုန်းပြောင်းလဲမှုတွေနဲ့ ရရှိနိုင်မဲ့ အမြတ် သို့မဟုတ် အရှုံးကို တိုင်းတာရာမှာ ကူညီပေးတဲ့အတွက် သူတို့ကို နားလည်ထားဖို့က မရှိမဖြစ် လိုအပ်ပါတယ်။ ဥပမာအားဖြင့် သင်က EUR/USD ကို အဝယ် (Long) ဖွင့်ထားပြီး ဈေးနှုန်းက 1.2050 ကနေ 1.2051 ကို ရွေ့သွားတယ်ဆိုရင် ဒါဟာ 1 Pip အမြတ်ရရှိတာ ဖြစ်ပါတယ်။

ဈေးကွက်ထဲမှာ သင်ဖွင့်ထားတဲ့ အရောင်းအဝယ်ပမာဏအပေါ် မူတည်ပြီး ပြောင်းလဲသွားတဲ့ သင့်ရဲ့ Lot ပမာဏနဲ့ ဆက်စပ်ပြီး Pip ရွေ့လျားမှုတစ်ခုစီရဲ့ တန်ဖိုးကို တွက်ချက်တဲ့အခါ ဒီသဘောတရားက အရေးပါလာပါတယ်။
‍

Lot ပမာဏတွေကို နားလည်သဘောပေါက်ခြင်း

Forex အရောင်းအဝယ်မှာ “Lot” ဆိုတာ အရောင်းအဝယ်တစ်ခုရဲ့ ပမာဏကို ရည်ညွှန်းတာဖြစ်ပြီး သင်ရယူထားတဲ့ ဆုံးရှုံးနိုင်ခြေအဆင့်အပေါ် သိသာထင်ရှားစွာ သက်ရောက်မှုရှိနိုင်ပါတယ်။ အသုံးများတဲ့ Lot ပမာဏတွေကတော့ :

  1. Standard Lot : အခြေခံငွေကြေး ယူနစ် 100,000။
    ‍
  2. Mini Lot : အခြေခံငွေကြေး ယူနစ် 10,000။
    ‍
  3. Micro Lot : အခြေခံငွေကြေး ယူနစ် 1,000။
    ‍
  4. Nano Lot : အခြေခံငွေကြေး ယူနစ် 100။
    ‍

သင့်တော်တဲ့ Lot ပမာဏကို ရွေးချယ်ဖို့က အရမ်းအရေးကြီးပါတယ်။ ပိုကြီးတဲ့ Lot တွေက ပိုများတဲ့ အမြတ်အစွန်း အလားအလာကို ပေးစွမ်းနိုင်ပေမဲ့ ပိုကြီးမားတဲ့ ဆုံးရှုံးနိုင်ခြေတွေလည်း ပါရှိပြီး၊ ပိုသေးငယ်တဲ့ Lot တွေကတော့ ပိုမိုထိန်းချုပ်နိုင်ပြီး စီမံခန့်ခွဲရလွယ်ကူတဲ့ အရောင်းအဝယ်ကို ပြုလုပ်နိုင်စေပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ သင့်ရဲ့ ဆုံးရှုံးနိုင်ခြေ ခံနိုင်ရည်အဆင့်နဲ့ အရောင်းအဝယ် မဟာဗျူဟာတို့နဲ့ ကိုက်ညီမှုရှိသင့်ပါတယ်။

Lot နဲ့ Pip တို့ကြားက ဆက်စပ်မှု

Forex အရောင်းအဝယ်မှာ သင်ရရှိနိုင်မဲ့ အမြတ် သို့မဟုတ် အရှုံးကို ဆုံးဖြတ်ရာမှာ Lot နဲ့ Pip တို့ကြားက ဆက်စပ်မှုဟာ အရမ်းအရေးကြီးပါတယ်။ Pip တစ်ခုရဲ့ တန်ဖိုးဟာ သင်အရောင်းအဝယ်ပြုလုပ်နေတဲ့ Lot ပမာဏအပေါ် မူတည်ပါတယ်။ ဥပမာအားဖြင့် သင့်ရဲ့ အရောင်းအဝယ်အကောင့် ငွေကြေးက အမေရိကန်ဒေါ်လာဖြစ်ပြီး EUR/USD အတွဲလိုမျိုး USD က ငွေကြေးအတွဲရဲ့ ဒုတိယနေရာ (သို့မဟုတ် တန်ဖိုးသတ်မှတ်ငွေကြေး) ဖြစ်နေတဲ့အခါ Pip ကို 0.0001 အဖြစ် သတ်မှတ်ထားပါတယ်။ ဒါကြောင့် သင်က EUR/USD ရဲ့ Standard Lot (ယူနစ် 100,000) ကို အရောင်းအဝယ်ပြုလုပ်နေတယ်ဆိုရင် 1 Pip ရွေ့လျားမှုဟာ အမြတ် သို့မဟုတ် အရှုံး $10 နဲ့ ညီမျှပါတယ်။

ဒီတွက်ချက်မှုကို နားလည်ဖို့ အောက်ပါပုံသေနည်းကို သင်အသုံးပြုနိုင်ပါတယ် :

Pip တန်ဖိုး = အရောင်းအဝယ်တန်ဖိုး × တန်ဖိုးသတ်မှတ်ငွေကြေးရဲ့ Pip

EUR/USD ရဲ့ Standard Lot တစ်ခုအတွက် :
ဒသမကိန်းနဲ့ Pip တန်ဖိုးက 0.0001 ဖြစ်ပါတယ်။
Standard Lot တစ်ခုအတွက် အရောင်းအဝယ်ပမာဏက ယူနစ် 100,000 ဖြစ်ပါတယ်။

ပုံသေနည်းကို အသုံးပြုတဲ့အခါ :
Pip တန်ဖိုး = 100,000 x 0.0001 = $10

ဒါကြောင့် Standard Lot တစ်ခုနဲ့ အရောင်းအဝယ်ပြုလုပ်နေချိန်မှာ EUR/USD ရဲ့ Pip ရွေ့လျားမှုတိုင်းအတွက် တန်ဖိုးဟာ $10 ပြောင်းလဲသွားပါတယ်။

USD/EUR အတွဲလိုမျိုး USD က ငွေကြေးအတွဲရဲ့ ပထမနေရာ (သို့မဟုတ် အခြေခံငွေကြေး) ဖြစ်နေမယ်ဆိုရင်တော့ Pip တန်ဖိုးတွက်ချက်ရာမှာ ငွေလဲနှုန်းလည်း ပါဝင်လာပါတယ်။ Pip ပမာဏကို ငွေလဲနှုန်းနဲ့ စားပြီး ရလာတဲ့ရလဒ်ကို အရောင်းအဝယ်တန်ဖိုး (သို့မဟုတ် Lot ပမာဏ) နဲ့ မြှောက်ပါ။

Pip တန်ဖိုး = အရောင်းအဝယ်တန်ဖိုး (Pip ပမာဏ ÷ ငွေလဲနှုန်း)

USD/EUR ရဲ့ Standard Lot တစ်ခုအတွက် :
ဒသမကိန်းနဲ့ Pip တန်ဖိုးက 0.0001 ဖြစ်ပါတယ်။
Standard Lot တစ်ခုအတွက် အရောင်းအဝယ်ပမာဏက ယူနစ် 100,000 ဖြစ်ပါတယ်။
ငွေလဲနှုန်းက 0.91469 ဖြစ်ပါတယ်။

ပုံသေနည်းကို အသုံးပြုတဲ့အခါ :
Pip တန်ဖိုး = 100,000 (0.0001 ÷ 0.91469) = 10.93$

ဒီဆက်စပ်မှုက သင်ရွေးချယ်လိုက်တဲ့ Lot ပမာဏအပေါ် မူတည်ပြီး Pip ရွေ့လျားမှုတစ်ခုစီနဲ့ သက်ဆိုင်တဲ့ ဆုံးရှုံးနိုင်ခြေကို ဆန်းစစ်နိုင်အောင် ကူညီပေးတဲ့အတွက် မှန်ကန်သေချာတဲ့ အရောင်းအဝယ် ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ အရမ်းအရေးပါပါတယ်။
‍

နိဂုံးချုပ် : ခိုင်မာတဲ့ အခြေခံအုတ်မြစ် တည်ဆောက်ခြင်း

Forex ငွေကြေးအတွဲတွေရဲ့ အခြေခံသဘောတရားတွေကို ကျွမ်းကျင်ပိုင်နိုင်ထားခြင်းက သင့်ရဲ့ Forex အရောင်းအဝယ်ခရီးလမ်းအတွက် ခိုင်မာတဲ့ အုတ်မြစ်တစ်ခုကို ချပေးနိုင်ပါတယ်။ ငွေကြေးအတွဲတစ်ခုရဲ့ အစိတ်အပိုင်းတွေ၊ Pip တွေရဲ့ အရေးပါပုံနဲ့ သင့်ရဲ့ အရောင်းအဝယ်ပမာဏကို မှန်ကန်စွာ သတ်မှတ်ပုံတို့ကို နားလည်ထားခြင်းအားဖြင့် ခိုင်မာကောင်းမွန်တဲ့ မဟာဗျူဟာတစ်ခုနဲ့ ဈေးကွက်ထဲကို ချဉ်းကပ်နိုင်စေမှာ သေချာပါတယ်။ သင် Forex အရောင်းအဝယ်ကို ဆက်လက်လေ့လာစူးစမ်းသွားတာနဲ့အမျှ ဒီသဘောတရားတွေကို လက်တွေ့အသုံးချခြင်းက သင့်ရဲ့ ဆုံးဖြတ်ချက်ချမှတ်နိုင်စွမ်းနဲ့ မဟာဗျူဟာကျကျ အရောင်းအဝယ်ပြုလုပ်မှုတွေကို ပိုမိုကောင်းမွန်လာစေပါလိမ့်မယ်။

‍

‍

Quiz

Forex အရောင်းအဝယ်မှာ pip ဆိုတာ ဘာကို ကိုယ်စားပြုပါသလဲ။

Forex အရောင်းအဝယ်လုပ်ရာမှာ Lot အရွယ်အစားက ဘယ်လိုသက်ရောက်မှုရှိပါသလဲ။

EUR/USD အတွဲမှာ EUR က ဘာကို ကိုယ်စားပြုပါသလဲ။

Analyse markets with AI-powered insights

Explore TradersView
WhatsApp