Forex ငွေကြေးအတွဲတွေရဲ့ အခြေခံသဘောတရား
ဒီအခြေခံသင်ခန်းစာက သင့်ကို Forex အရောင်းအဝယ်ရဲ့ အခြေခံသဘောတရားတွေအကြောင်း လမ်းညွှန်ပေးသွားမှာ ဖြစ်ပါတယ်။
Forex အရောင်းအဝယ်လောကမှာ အခြေခံသဘောတရားတွေကို နားလည်ထားဖို့က ထရိတ်ဒါအသစ်တွေအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ Forex အရောင်းအဝယ်ရဲ့ အဓိကအချက်အချာကတော့ ငွေကြေးလဲလှယ်မှုကို လွယ်ကူချောမွေ့စေပြီး ထရိတ်ဒါတွေကို ဈေးနှုန်းအတက်အကျတွေအပေါ် ခန့်မှန်းရောင်းဝယ်နိုင်စေတဲ့ ငွေကြေးအတွဲတွေပဲ ဖြစ်ပါတယ်။ ဒီသင်ခန်းစာက Forex ငွေကြေးအတွဲတွေအကြောင်း ရှင်းလင်းပြောပြပေးသွားမှာဖြစ်သလို အဓိကအသုံးအနှုန်းတွေကို ရှင်းပြပေးပြီး ဒီအရေးပါတဲ့ ဘဏ္ဍာရေးအရောင်းအဝယ်ပစ္စည်းတွေကို ယုံကြည်မှုပိုရှိရှိနဲ့ အရောင်းအဝယ်လုပ်နိုင်အောင် ကူညီပေးသွားမှာ ဖြစ်ပါတယ်။
Forex ငွေကြေးအတွဲတွေဆိုတာ ဘာလဲ
Forex ငွေကြေးအတွဲတစ်ခုမှာ မတူညီတဲ့ ငွေကြေးနှစ်မျိုး ပါဝင်ပြီး ငွေကြေးတစ်ခုရဲ့ တန်ဖိုးကို နောက်ထပ်ငွေကြေးတစ်ခုနဲ့ နှိုင်းယှဉ်ဖော်ပြပါတယ်။ ဥပမာအနေနဲ့ EUR/USD ငွေကြေးအတွဲမှာ ယူရို (EUR) က အခြေခံငွေကြေး (base currency) ဖြစ်ပြီး အမေရိကန်ဒေါ်လာ (USD) ကတော့ နှိုင်းယှဉ်ဖော်ပြတဲ့ငွေကြေး (quote currency) ဖြစ်ပါတယ်။ ဒီငွေကြေးအတွဲရဲ့ ပေါက်ဈေးကို 1.0697 လို့ ဖော်ပြထားတဲ့အခါ ယူရိုတစ်ယူနစ်က $1.0697 နဲ့ ညီမျှတယ်လို့ ဆိုလိုပါတယ်။
Forex အရောင်းအဝယ်တိုင်းမှာ လုပ်ဆောင်ချက်နှစ်ခု ပါဝင်ပါတယ် : သင်က ငွေကြေးအတွဲတစ်ခုကို ဝယ်ယူတဲ့အခါ အခြေခံငွေကြေးကို ဝယ်ယူနေတာဖြစ်ပြီး တစ်ချိန်တည်းမှာပဲ နှိုင်းယှဉ်ဖော်ပြတဲ့ငွေကြေးကို ရောင်းချနေတာ ဖြစ်ပါတယ်။ အပြန်အလှန်အားဖြင့် အဲဒီငွေကြေးအတွဲကို ရောင်းချမယ်ဆိုရင် အခြေခံငွေကြေးကို ရောင်းချပြီး နှိုင်းယှဉ်ဖော်ပြတဲ့ငွေကြေးကို ဝယ်ယူနေတာ ဖြစ်ပါတယ်။ Forex ဈေးကွက်ထဲမှာ ထိထိရောက်ရောက် အရောင်းအဝယ်လုပ်နိုင်ဖို့အတွက် ဒီငွေကြေးလဲလှယ်မှုလုပ်ငန်းစဉ်ကို နားလည်ထားဖို့က အလွန်အရေးကြီးပါတယ်။
Pip တွေအကြောင်း နားလည်သဘောပေါက်ခြင်း
Pip ဒါမှမဟုတ် “percentage in points” ဆိုတာ ငွေကြေးအတွဲတစ်ခုမှာ အသေးငယ်ဆုံး ဈေးနှုန်းပြောင်းလဲမှုဖြစ်ပြီး ယေဘုယျအားဖြင့် ဒသမနောက် စတုတ္ထမြောက်ဂဏန်းနဲ့ ဖော်ပြလေ့ရှိပါတယ်။ ဒါပေမဲ့ USD/JPY လို ယန်းငွေကြေးအတွဲတွေမှာတော့ Pip ကို ဒသမနောက် ဒုတိယမြောက်ဂဏန်းနဲ့ တိုင်းတာပါတယ်။ ဥပမာအနေနဲ့ EUR/USD ငွေကြေးအတွဲက 1.2050 ကနေ 1.2051 ကို ပြောင်းလဲသွားတယ်ဆိုရင် အဲဒါက 1 pip မြင့်တက်သွားတာ ဖြစ်ပါတယ်။
Pip တွေက ဈေးနှုန်းအပြောင်းအလဲတွေကို တိုင်းတာဖို့နဲ့ သင့်အရောင်းအဝယ်တွေမှာ ဖြစ်ပေါ်လာနိုင်တဲ့ အမြတ် ဒါမှမဟုတ် အရှုံးတွေကို ခန့်မှန်းတွက်ချက်နိုင်ဖို့ ကူညီပေးတာကြောင့် အလွန်အရေးပါပါတယ်။ Pip တွက်ချက်မှုတွေမှာ ကျွမ်းကျင်ထားခြင်းက သင့်အရောင်းအဝယ်ရဲ့ တိကျမှန်ကန်မှုကို မြှင့်တင်ပေးနိုင်ပြီး ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုကို ပိုမိုကောင်းမွန်စေပါတယ်။
Lot အရွယ်အစားများ
Forex အရောင်းအဝယ်မှာ သင့်အရောင်းအဝယ်ရဲ့ အရွယ်အစားကို Lot လို့ ခေါ်ဆိုပါတယ်။ သင်သိထားသင့်တဲ့ အဓိက Lot အရွယ်အစားလေးမျိုး ရှိပါတယ် :
- Standard Lot : အခြေခံငွေကြေးရဲ့ ယူနစ် 100,000။
- Mini Lot : အခြေခံငွေကြေးရဲ့ ယူနစ် 10,000။
- Micro Lot : အခြေခံငွေကြေးရဲ့ ယူနစ် 1,000။
- Nano Lot : အခြေခံငွေကြေးရဲ့ ယူနစ် 100။
သင့်လျော်တဲ့ Lot အရွယ်အစားကို ရွေးချယ်ဖို့က သင့်ရဲ့ ဆုံးရှုံးနိုင်ခြေပမာဏအပေါ် တိုက်ရိုက်သက်ရောက်မှုရှိတာကြောင့် အလွန်အရေးကြီးပါတယ်။ Lot အရွယ်အစားကြီးတွေက ပိုများတဲ့အမြတ်အစွန်းတွေ ပေးနိုင်ပေမဲ့ ဆုံးရှုံးနိုင်ခြေလည်း ပိုများလာတတ်ပါတယ်။ အပြန်အလှန်အားဖြင့် Lot အရွယ်အစားသေးတွေကတော့ သင့်ကို ပိုပြီးသတိထား အရောင်းအဝယ်လုပ်နိုင်စေပါတယ်။
နိဂုံးချုပ်
Forex ငွေကြေးအတွဲတွေ၊ Pip အပြောင်းအလဲတွေနဲ့ Lot အရွယ်အစားတွေရဲ့ အခြေခံကို နားလည်သဘောပေါက်ထားတာက သင့်ရဲ့ အရောင်းအဝယ်ပညာရေးအတွက် အခြေခံကျတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်။ ဒီဗဟုသုတတွေနဲ့ဆိုရင် Forex ဈေးကွက်ထဲမှာ ယုံကြည်မှုရှိရှိနဲ့ ဝင်ရောက်အရောင်းအဝယ်လုပ်နိုင်ဖို့ ပိုပြီးအသင့်ဖြစ်နေပါပြီ။ သင့်ရဲ့ အရောင်းအဝယ်ခရီးစဉ်ကို ဆက်လျှောက်လှမ်းတဲ့အခါ အရောင်းအဝယ်နည်းဗျူဟာတွေ၊ အရင်းအနှီးစီမံခန့်ခွဲမှုနဲ့ စည်းကမ်းရှိမှုတို့က Forex အရောင်းအဝယ်မှာ ရေရှည်အောင်မြင်ဖို့အတွက် အဓိကကျတဲ့ အစိတ်အပိုင်းတွေဖြစ်တယ်ဆိုတာ သတိရပါ။
Deriv ရဲ့ ပလက်ဖောင်းတွေပေါ်မှာ Forex အရောင်းအဝယ်ကို လေ့လာစူးစမ်းကြည့်ပြီး ခိုင်မာတဲ့အခြေခံအုတ်မြစ်တစ်ခု တည်ဆောက်နိုင်ဖို့ ဒီသင်ခန်းစာမှာ ပါဝင်တဲ့ သဘောတရားတွေကို လက်တွေ့အသုံးချကြည့်ဖို့ တိုက်တွန်းလိုပါတယ်။ အဆင်ပြေချောမွေ့တဲ့ အရောင်းအဝယ်ဖြစ်ပါစေ။
Quiz
Forex အတွဲဆိုတာ ဘာပါလဲ။
ငွေကြေးအရောင်းအဝယ်မှာ pip က ဘာကို ကိုယ်စားပြုပါသလဲ။
အခြေခံငွေကြေး ယူနစ် 10,000 ကို ဘယ် Lot ပမာဏက ကိုယ်စားပြုပါသလဲ။


