MT5 အော်ဒါအမျိုးအစားတွေ : စတင်လေ့လာသူတွေအတွက် ပြည့်စုံစွာ နားလည်သဘောပေါက်ခြင်း
Deriv MT5 ပလက်ဖောင်းမှာရှိတဲ့ အော်ဒါအမျိုးအစားအမျိုးမျိုးကို နားလည်ထားတာက Forex အရောင်းအဝယ်လုပ်သူတိုင်းအတွက် အလွန်အရေးကြီးပါတယ်။ ဒီသင်ခန်းစာမှာ ဗီဒီယိုထဲက အချက်အလက်တွေကို ထပ်မံချဲ့ထွင်ပြီး MT5 မှာ ရရှိနိုင်တဲ့ မတူညီတဲ့ အော်ဒါအမျိုးအစားတွေ၊ အဲဒါတွေရဲ့ လုပ်ဆောင်ချက်တွေနဲ့ သင့်ရဲ့ အရောင်းအဝယ်နည်းဗျူဟာတွေကို ဘယ်လိုမြှင့်တင်ပေးနိုင်သလဲဆိုတာကို ပိုမိုနက်နဲစွာ လေ့လာသွားမှာ ဖြစ်ပါတယ်။ ဒီအော်ဒါအမျိုးအစားတွေကို ကျွမ်းကျင်ပိုင်နိုင်ထားမယ်ဆိုရင် ပိုမိုထိရောက်စွာ အရောင်းအဝယ်လုပ်နိုင်ပြီး ဈေးကွက်အခြေအနေတွေနဲ့လည်း လိုက်လျောညီထွေ ပြောင်းလဲလုပ်ဆောင်နိုင်စေမှာ ဖြစ်ပါတယ်။
Market Order တွေ : မြန်ဆန်မှုနဲ့ အော်ဒါအတည်ပြုဆောင်ရွက်မှု
ဗီဒီယိုထဲမှာ ဖော်ပြထားတဲ့အတိုင်း Market Order တစ်ခုဟာ ဈေးနှုန်းထက် အော်ဒါအတည်ပြုဆောင်ရွက်မှု မြန်ဆန်ရေးကို ဦးစားပေးပါတယ်။ သင်က Market Order တစ်ခု တင်လိုက်တဲ့အခါ MT5 က လက်ရှိရရှိနိုင်တဲ့ အကောင်းဆုံး ဈေးကွက်ပေါက်ဈေးနဲ့ ဝယ်ယူတာ ဒါမှမဟုတ် ရောင်းချတာမျိုး လုပ်ဆောင်ပြီး သင့်အရောင်းအဝယ်ကို ပြီးမြောက်စေပါတယ်။ Market Order ရဲ့ အဓိကအားသာချက်ကတော့ သင့်အော်ဒါကို အမြန်ဆုံး အတည်ပြုဆောင်ရွက်ပေးဖို့ သေချာစေတာဖြစ်ပြီး ဒါဟာ အပြောင်းအလဲမြန်တဲ့ ဈေးကွက်တွေမှာ မရှိမဖြစ် အရေးပါပါတယ်။
ဒါပေမဲ့ Market Order တွေဟာ အော်ဒါအတည်ပြုဆောင်ရွက်ပေးဖို့ အာမခံပေမဲ့ အော်ဒါဝင်သွားမယ့် ဈေးနှုန်းအတိအကျကိုတော့ အာမမခံဘူးဆိုတာ သတိပြုထားဖို့ အရေးကြီးပါတယ်။ ဥပမာအနေနဲ့ သင်က EUR/USD ကို ဝယ်ယူချင်ပြီး ဈေးကွက်ပေါက်ဈေးက $1.1250 ဖြစ်နေချိန်မှာ ဈေးကွက်အပြောင်းအလဲဖြစ်သွားရင် $1.1252 နဲ့ ဝယ်ယူမိတာမျိုး ဖြစ်သွားနိုင်ပါတယ်။ Market Order တွေကို အသုံးပြုတဲ့အခါ ဈေးနှုန်းအတက်အကျတွေနဲ့ အသားကျနေဖို့ အရေးကြီးပါတယ်။

Pending Order တွေ : မဟာဗျူဟာကျကျ အရောင်းအဝယ်လုပ်ခြင်း
Pending Order တွေဟာ အရောင်းအဝယ်လုပ်သူတွေကို မိမိတို့ ဈေးကွက်ထဲ ဝင်ရောက်လိုတဲ့ သတ်မှတ်ဈေးနှုန်းအဆင့်တွေကို ကြိုတင်သတ်မှတ်ထားခွင့်ပေးတာကြောင့် မဟာဗျူဟာကျတဲ့ အားသာချက်တစ်ခု ရရှိစေပါတယ်။ ချက်ချင်းအတည်ပြုဆောင်ရွက်ပေးတဲ့ Market Order တွေနဲ့ မတူဘဲ Pending Order တွေကတော့ ကြိုတင်သတ်မှတ်ထားတဲ့ ဈေးကွက်အခြေအနေတွေနဲ့ ကိုက်ညီတဲ့အထိ စောင့်ဆိုင်းပေးနေမှာ ဖြစ်ပါတယ်။
- Buy Limit Order တွေ : လက်ရှိဈေးကွက်ပေါက်ဈေးအောက်မှာ သတ်မှတ်ထားရတဲ့ Buy Limit Order တွေဟာ အရောင်းအဝယ်လုပ်သူတွေကို လက်ရှိဈေးကွက်နှုန်းထားထက် ပိုနည်းတဲ့ဈေးနဲ့ ပိုင်ဆိုင်မှုတစ်ခုကို ဝယ်ယူခွင့်ပေးပြီး ဈေးကွက်အဝင်ကုန်ကျစရိတ်ကို လျှော့ချပေးပါတယ်။
- Sell Limit Order တွေ : ဒီအော်ဒါတွေကို လက်ရှိဈေးကွက်ပေါက်ဈေးအထက်မှာ သတ်မှတ်ထားရပြီး ဈေးနှုန်းက ကြိုတင်သတ်မှတ်ထားတဲ့အဆင့်အထိ တက်လာတဲ့အခါ အတည်ပြုဆောင်ရွက်ပေးပါတယ်။
- Buy Stop Order တွေ : အရောင်းအဝယ်လုပ်သူတွေက ဈေးနှုန်းဆက်တက်မယ့် အရှိန်အဟုန်ကို ခန့်မှန်းထားတဲ့အခါ အသုံးပြုကြပြီး Buy Stop Order တွေကို လက်ရှိဈေးကွက်ပေါက်ဈေးအထက်မှာ ထားရှိကာ ဈေးနှုန်းက အဲဒီအဆင့်ကို ရောက်ရှိတာနဲ့ စတင်သက်ဝင်လာပါတယ်။
- Sell Stop Order တွေ : Buy Stop Order တွေနဲ့ အလားတူအသုံးပြုကြပြီး ဒီအော်ဒါတွေကို လက်ရှိဈေးကွက်ပေါက်ဈေးအောက်မှာ ထားရှိကာ ဈေးနှုန်းက အဲဒီအဆင့်အထိ ကျဆင်းလာတဲ့အခါ အတည်ပြုဆောင်ရွက်ပေးပါတယ်။
- Buy Stop Limit Order တွေ : ဒီအော်ဒါဟာ Buy Stop Order နဲ့ Limit Order တို့ရဲ့ လုပ်ဆောင်ချက်တွေကို ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ ဈေးနှုန်းက သတ်မှတ်ထားတဲ့ Stop ဈေးနှုန်းအထိ တက်လာတဲ့အခါ အော်ဒါစတင်သက်ဝင်လာပေမဲ့ အဲဒီနောက် သင်သတ်မှတ်ထားတဲ့ Limit ဈေးနှုန်းအထိ ပြန်ကျလာမှသာ အမှန်တကယ် အတည်ပြုဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ ဈေးကွက်အဝင်ကို ပိုပြီးတိကျစွာ ထိန်းချုပ်နိုင်စေပါတယ်။
ဥပမာအနေနဲ့ သင်က EUR/USD ဈေးတက်မယ်လို့ ခန့်မှန်းထားပေမဲ့ တိကျတဲ့ အဝင်ဈေးနှုန်းတစ်ခု သေချာရရှိစေချင်တယ်ဆိုရင် Stop ဈေးနှုန်း $1.1300 နဲ့ Limit ဈေးနှုန်း $1.1280 ထားပြီး Buy Stop Limit Order တစ်ခု သတ်မှတ်နိုင်ပါတယ်။ EUR/USD က $1.1300 ကို ရောက်တဲ့အခါ သင့်အော်ဒါ စတင်သက်ဝင်လာမှာဖြစ်ပေမဲ့ ဈေးနှုန်းက $1.1280 ဒါမှမဟုတ် အဲဒီထက်နိမ့်တဲ့ဈေးကို ပြန်ကျလာမှသာ အတည်ပြုဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ - Sell Stop Limit Order တွေ : ဒီအော်ဒါအမျိုးအစားဟာလည်း Buy Stop Limit နဲ့ အလားတူ လုပ်ဆောင်ပါတယ်။ ပိုင်ဆိုင်မှုတစ်ခုက သတ်မှတ်ထားတဲ့ Stop ဈေးနှုန်းကို ရောက်ရှိတာနဲ့ အရောင်းအော်ဒါတစ်ခု စတင်သက်ဝင်လာစေပေမဲ့ ဈေးနှုန်းက ကြိုတင်သတ်မှတ်ထားတဲ့ Limit ဈေးနှုန်းအထိ ပြန်တက်လာမှသာ အတည်ပြုဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။
ဥပမာအနေနဲ့ EUR/USD က $1.1200 အောက်ကို ထိုးဆင်းသွားရင် ရောင်းချဖို့ ရည်ရွယ်ထားတယ်ဆိုပါစို့၊ သင်က Stop ဈေးနှုန်း $1.1200 နဲ့ Limit ဈေးနှုန်း $1.1190 ထားပြီး Sell Stop Limit Order တစ်ခု သတ်မှတ်နိုင်ပါတယ်။ သင့်အော်ဒါက $1.1200 မှာ စတင်သက်ဝင်လာမှာဖြစ်ပေမဲ့ ဈေးနှုန်းက အနည်းဆုံး $1.1190 အထိ ပြန်တက်လာမှသာ အတည်ပြုဆောင်ရွက်ပေးမှာဖြစ်လို့ အရောင်းအဝယ်လုပ်သူတွေအတွက် ပိုမိုထိန်းချုပ်နိုင်တဲ့ အဝင်အမှတ်တစ်ခုကို သေချာစေပါတယ်။

Take Profit၊ Stop Loss နဲ့ Trailing Stop Order တွေ
Forex အရောင်းအဝယ်လုပ်ရာမှာ ဆုံးရှုံးနိုင်ခြေကို စီမံခန့်ခွဲဖို့က အလွန်အရေးကြီးပြီး အရောင်းအဝယ်ပိတ်သိမ်းခြင်းနဲ့ သက်ဆိုင်တဲ့ အော်ဒါအမျိုးအစားတွေက အဓိကအခန်းကဏ္ဍကနေ ပါဝင်ပါတယ်။
- Take Profit Order တွေ : ဒီအော်ဒါတွေဟာ ပိုင်ဆိုင်မှုတစ်ခုက သတ်မှတ်ထားတဲ့ဈေးနှုန်းကို ရောက်ရှိတဲ့အခါ အရောင်းအဝယ်ကို အလိုအလျောက် ပိတ်သိမ်းပေးပြီး အမြတ်ငွေကို သေချာရရှိစေပါတယ်။ Buy အရောင်းအဝယ်တစ်ခုအတွက် Take Profit ကို လက်ရှိ Ask ဈေးနှုန်းအထက်မှာ သတ်မှတ်ရပြီး Sell အရောင်းအဝယ်တစ်ခုအတွက်တော့ လက်ရှိ Bid ဈေးနှုန်းအောက်မှာ သတ်မှတ်ရပါတယ်။
- Stop Loss Order တွေ : ဆုံးရှုံးမှုတွေကို အနည်းဆုံးဖြစ်အောင် လျှော့ချဖို့ ရည်ရွယ်ထားတဲ့ ဒီအော်ဒါတွေဟာ ဈေးကွက်က သင့်ဘက်မပါဘဲ ဆန့်ကျင်ဘက်ကို ရွေ့လျားသွားတဲ့အခါ အရောင်းအဝယ်ကို အလိုအလျောက် ပိတ်သိမ်းပေးပါတယ်။ Take Profit Order တွေနဲ့ အလားတူပဲ Buy အရောင်းအဝယ်အတွက် Stop Loss ကို လက်ရှိ Bid ဈေးနှုန်းအောက်မှာ ထားရှိရပြီး Sell အရောင်းအဝယ်တွေအတွက်တော့ Ask ဈေးနှုန်းအထက်မှာ ထားရှိရပါတယ်။
- Trailing Stop Loss : ဒီအလိုက်သင့်ပြောင်းလဲပေးတဲ့ အော်ဒါဟာ ဈေးကွက်က သင့်အတွက် အသာစီးရမယ့်ဘက်ကို ရွေ့လျားသွားတာနဲ့အမျှ သင့်ရဲ့ Stop Loss အဆင့်ကို လိုက်လံချိန်ညှိပေးပါတယ်။ ဥပမာအနေနဲ့ သင်က Trailing Stop Loss ကို 20 points မှာ သတ်မှတ်ထားပြီး ဈေးနှုန်းတက်သွားတယ်ဆိုရင် Stop Loss က သတ်မှတ်ထားတဲ့ အကွာအဝေးအတိုင်း ထိန်းထားရင်း ဈေးနှုန်းနောက်ကို လိုက်တက်သွားပါတယ်။ ဒီနည်းဗျူဟာဟာ နောက်ထပ်အမြတ်အစွန်းတွေ ထပ်မံရရှိနိုင်ဖို့ အခွင့်အလမ်းပေးထားရင်း ရရှိပြီးသားအမြတ်ငွေကို စိတ်ချလက်ချ ထိန်းသိမ်းထားနိုင်စေပါတယ်။
နိဂုံးချုပ် : ထိရောက်စွာ အရောင်းအဝယ်လုပ်နိုင်ဖို့ အော်ဒါအမျိုးအစားတွေကို ကျွမ်းကျင်ပိုင်နိုင်ခြင်း
မတူညီတဲ့ MT5 အော်ဒါအမျိုးအစားတွေကို နားလည်သဘောပေါက်ထားတာဟာ ထိရောက်စွာ အရောင်းအဝယ်လုပ်နိုင်ဖို့အတွက် အခြေခံကျွမ်းကျင်မှုတစ်ခု ဖြစ်ပါတယ်။ Market Order တွေ၊ Pending Order တွေအပြင် Take Profit နဲ့ Stop Loss လိုမျိုး အရောင်းအဝယ်ပိတ်သိမ်းတဲ့ နည်းဗျူဟာတွေကို ကျွမ်းကျင်ပိုင်နိုင်ထားမယ်ဆိုရင် သင့်ရဲ့အရောင်းအဝယ်တွေကို ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ပြီး ဈေးကွက်အတက်အကျတွေကို ကောင်းစွာရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့ အသင့်ဖြစ်နေမှာ ဖြစ်ပါတယ်။ ဒီဗဟုသုတတွေနဲ့ဆိုရင် သင်ဟာ အရောင်းအဝယ်တွေကို ချောမွေ့စွာ လုပ်ဆောင်နိုင်ပြီး ခိုင်မာအားကောင်းတဲ့ အရောင်းအဝယ်နည်းဗျူဟာတစ်ခု တည်ဆောက်နိုင်မယ့် လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေပြီ ဖြစ်ပါတယ်။
Quiz
Forex အရောင်းအဝယ်မှာ Market order ရဲ့ အဓိကအားသာချက်က ဘာပါလဲ။
Buy Limit Order က ဘယ်လို အလုပ်လုပ်ပါသလဲ။
Trailing Stop Loss အော်ဒါက ဘာလုပ်ဆောင်ပေးပါသလဲ။


