အဓိကအကြောင်းအရာသို့ ကျော်သွားရန်
သင်ခန်းစာ
8
Forex | အဆင့်မြင့်

နည်းပညာပိုင်းဆိုင်ရာ ဆန်းစစ်ချက်ကို အသုံးပြုတဲ့ Forex Mean Reversion အရောင်းအဝယ် မဟာဗျူဟာတွေ

ကြာချိန်
7
မိနစ်


ဒီသင်ခန်းစာမှာတော့ Bollinger Bands နဲ့ နှိုင်းရအားညွှန်းကိန်း (RSI) တို့ကို အသုံးပြုပြီး Forex Mean Reversion မဟာဗျူဟာကို လက်တွေ့အသုံးချပုံအကြောင်း အဆင့်ဆင့် ရှင်းပြပေးသွားပါမယ်။ ဒီမဟာဗျူဟာကို ထိထိရောက်ရောက် အကောင်အထည်ဖော်ပုံကို နားလည်ထားခြင်းအားဖြင့် Forex ဈေးကွက်ထဲမှာ သင့်ရဲ့ ဆုံးဖြတ်ချက်ချမှတ်နိုင်စွမ်းကို ပိုမိုကောင်းမွန်လာစေနိုင်ပါတယ်။
‍

Mean Reversion ဆိုတာ ဘာလဲ

Mean Reversion ဆိုတာ ဈေးနှုန်းတွေဟာ အချိန်ကြာလာတာနဲ့အမျှ သူတို့ရဲ့ ရေရှည်ပျမ်းမျှတန်ဖိုးဆီကို ပြန်လည်ဦးတည်ရွေ့လျားလေ့ရှိတယ်လို့ ယူဆတဲ့ Forex အရောင်းအဝယ်ရဲ့ အခြေခံသဘောတရားတစ်ခု ဖြစ်ပါတယ်။ ဆွဲဆန့်လိုက်ပြီးနောက် မူလနေရာကို ပြန်ကန်ထွက်လာတဲ့ သားရေကွင်းတစ်ကွင်းလိုပဲ ငွေကြေးဈေးနှုန်းတွေဟာလည်း ဈေးကွက်သက်ရောက်မှု အမျိုးမျိုးကြောင့် ပျမ်းမျှတန်ဖိုးတွေရဲ့ ပတ်ဝန်းကျင်မှာ အတက်အကျဖြစ်ပေါ်နေတတ်ပါတယ်။
‍

Mean Reversion အပေါ် လွှမ်းမိုးတဲ့ အချက်တွေ

ငွေကြေးဈေးနှုန်းတွေရဲ့ ရွေ့လျားပုံအပေါ် အောက်ပါအချက်တွေက လွှမ်းမိုးမှုရှိပါတယ် :

  • ဗဟိုဘဏ်ရဲ့ ကြားဝင်ထိန်းကျောင်းမှုတွေ : ဗဟိုဘဏ်တွေဟာ သူတို့ရဲ့ ငွေကြေးတန်ဖိုး တည်ငြိမ်စေဖို့ ဒါမှမဟုတ် လွှမ်းမိုးထိန်းကျောင်းနိုင်ဖို့ လုပ်ဆောင်လေ့ရှိပြီး ရေရှည်ပျမ်းမျှတန်ဖိုးဆီ ပြန်ရောက်ရှိအောင် တွန်းအားပေးတတ်ကြပါတယ်။
    ‍
  • အဖွဲ့အစည်းဆိုင်ရာ ထရိတ်ဒါကြီးတွေ : ဈေးကွက်ထဲက အရောင်းအဝယ်သမားကြီးတွေဟာ သတ်မှတ်ထားတဲ့ အရောင်းအဝယ် ဈေးနှုန်းဘောင်တွေကို ထိန်းသိမ်းထားလေ့ရှိတာကြောင့် ငွေကြေးဈေးနှုန်းတွေကို တည်ငြိမ်စေနိုင်ပါတယ်။
    ‍
  • စီးပွားရေး အခြေခံအချက်အလက်တွေ : အဆက်မပြတ် ပြောင်းလဲနေတဲ့ စီးပွားရေးအခြေအနေတွေက ဝယ်လိုအားနဲ့ ရောင်းလိုအား သဘောတရားအပေါ် အခြေခံပြီး သင့်တင့်မျှတတဲ့ တန်ဖိုးလို့ သတ်မှတ်နိုင်တဲ့ ဈေးနှုန်းဆီကို ပြန်လည်ဆွဲခေါ်သွားလေ့ရှိပါတယ်။
    ‍

နည်းပညာဆိုင်ရာ အညွှန်းကိန်းတွေ : Bollinger Bands နဲ့ RSI

Bollinger Bands နဲ့ နှိုင်းရအားညွှန်းကိန်း (RSI) တို့လို နည်းပညာဆိုင်ရာ အညွှန်းကိန်းတွေဟာ အလားအလာရှိတဲ့ Mean Reversion အခွင့်အလမ်းတွေကို ရှာဖွေဖော်ထုတ်ဖို့အတွက် အသုံးဝင်တဲ့ ကိရိယာတွေ ဖြစ်ကြပါတယ်။
‍

Bollinger Bands

Bollinger Bands မှာ ပါဝင်တဲ့ အစိတ်အပိုင်းတွေကတော့ :

  • အလယ်မျဉ်း (Middle Band) : အများအားဖြင့် ဗဟိုရည်ညွှန်းမှတ်အဖြစ် ဆောင်ရွက်ပေးတဲ့ ရက် 20 Moving Average မျဉ်း ဖြစ်ပါတယ်။
    ‍
  • အပေါ်မျဉ်းနဲ့ အောက်မျဉ်းတွေ (Upper and Lower Bands) : ဒီမျဉ်းတွေဟာ စံသွေဖည်မှုတွေကို အသုံးပြုပြီး တွက်ချက်တည်ဆောက်ထားတဲ့ ဈေးနှုန်းဘောင်ရဲ့ အစွန်းနှစ်ဖက်ကို ကိုယ်စားပြုပါတယ်။ သူတို့ဟာ ဈေးကွက်အတက်အကျ ပြင်းထန်မှုအပေါ် မူတည်ပြီး ကျယ်ပြန့်လာတာ ဒါမှမဟုတ် ကျဉ်းမြောင်းသွားတာမျိုး ဖြစ်ပေါ်တတ်ပါတယ်။

ဈေးနှုန်းက အပြင်ဘက်မျဉ်းတွေကို သွားထိတဲ့အခါ ရေစီးကြောင်းတွေဟာ မြစ်ရဲ့ ပင်မရေစီးကြောင်းဆီ ပြန်လည်စီးဝင်သလိုပဲ ဈေးနှုန်းဟာလည်း အလယ်မျဉ်းဆီကို ပြန်ကန်ထွက်လာနိုင်ခြေရှိကြောင်း မကြာခဏ ညွှန်ပြလေ့ရှိပါတယ်။
‍

နှိုင်းရအားညွှန်းကိန်း (RSI)

RSI ဆိုတာ ဈေးနှုန်းရွေ့လျားမှုတွေရဲ့ အရှိန်နဲ့ ပြောင်းလဲမှုကို တိုင်းတာပေးတဲ့ အရှိန်အဟုန်တိုင်း ကိရိယာတစ်ခု ဖြစ်ပါတယ် :

  • 0 နဲ့ 100 ကြားမှာ ရှိပြီး အဝယ်လွန်နေတဲ့ ဒါမှမဟုတ် အရောင်းလွန်နေတဲ့ အလားအလာရှိ အခြေအနေတွေကို သိရှိနားလည်နိုင်အောင် ကူညီပေးပါတယ်။
    ‍
  • RSI က 30 အောက် ရောက်နေရင် အဲဒီပိုင်ဆိုင်မှုဟာ အရောင်းလွန်နေပြီး ဈေးနှုန်း ပြန်ကန်တက်လာဖို့ အသင့်ဖြစ်နေနိုင်ကြောင်း ညွှန်ပြနေသလို RSI က 70 အထက် ရောက်နေရင်တော့ အဝယ်လွန်နေနိုင်တဲ့ အခြေအနေနဲ့ ဈေးနှုန်း ပြန်ကျဆင်းလာနိုင်တဲ့ အလားအလာရှိကြောင်း ဖော်ပြနေပါတယ်။
    ‍

ဥပမာ : EUR/USD နဲ့ Mean Reversion ကို လက်တွေ့အသုံးချခြင်း

EUR/USD ငွေကြေးအတွဲကို အသုံးပြုထားတဲ့ လက်တွေ့ဥပမာတစ်ခုကို လေ့လာကြည့်ကြရအောင်ပါ :

  1. လက်ရှိ ဈေးနှုန်းရွေ့လျားမှု : ဒီငွေကြေးအတွဲဟာ ပြီးခဲ့တဲ့ 12 လအတွင်း 1.0700 ကနေ 1.1200 ကြား ဈေးနှုန်းဘောင်အတွင်းမှာ အရောင်းအဝယ်ဖြစ်နေခဲ့ပါတယ်။
    ‍
  2. ဈေးနှုန်းလှုပ်ရှားမှု : ဈေးနှုန်းက 1.0760 အထိ ကျဆင်းသွားပြီး အောက်ဘက် Bollinger Band မျဉ်းကို သွားထိပါတယ်။
    ‍
  3. RSI တန်ဖိုး : RSI က 30 နားကို ချဉ်းကပ်လာပြီး ဈေးနှုန်းဟာ အချိန်တိုအတွင်း အလွန်အကျွံ ကျဆင်းသွားခဲ့ကြောင်း ညွှန်ပြနေပါတယ်။
    ‍

အရောင်းအဝယ် ပြင်ဆင်သတ်မှတ်ချက်

ဒီလို အချက်ပြမှုတွေ ပေါင်းစပ်ထွက်ပေါ်လာတဲ့အခါ ထရိတ်ဒါတွေအနေနဲ့ ဈေးနှုန်းက အလယ်မျဉ်းဆီ ပြန်ကန်တက်လာမယ်လို့ မျှော်မှန်းပြီး အဝယ်အော်ဒါ (Long Position) တစ်ခု ဖွင့်ဖို့ စဉ်းစားနိုင်ပါတယ်။
‍

အရောင်းအဝယ်လုပ်ရာမှာ ထည့်သွင်းစဉ်းစားရမယ့် အရေးကြီးအချက်တွေ

  1. သင့်တော်တဲ့ အချိန်ကာလတွေကို ရွေးချယ်ပါ : မတူညီတဲ့ အချိန်ကာလတွေဟာ သီးခြားပုံစံ အသီးသီးကို ပြသလေ့ရှိပါတယ်။ နေ့စဉ် ချာ့တ်တွေက ဈေးကွက်အမြင်ကို ပိုမိုကျယ်ပြန့်စွာ ပြသပေးနိုင်ပြီး နာရီအလိုက် ချာ့တ်တွေကတော့ လတ်တလော ဈေးနှုန်းရွေ့လျားမှုတွေကို ပိုမိုမြင်သာစေနိုင်ပါတယ်။ သင့်ရဲ့ အရောင်းအဝယ်ပုံစံနဲ့ ဈေးကွက်စောင့်ကြည့်ဖို့ အချိန်ပေးနိုင်မှုတို့နဲ့ အကိုက်ညီဆုံး အချိန်ကာလကို ရွေးချယ်ပါ။
    ‍
  2. ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု : ရှင်းလင်းတိကျတဲ့ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု မဟာဗျူဟာတွေကို အမြဲတမ်း လက်တွေ့ကျင့်သုံးပါ :
    • ဖြစ်ပေါ်လာနိုင်တဲ့ အရှုံးတွေကို ကန့်သတ်ဖို့ Stop Loss အော်ဒါတွေကို အသုံးပြုပါ။
      ‍
    • အရောင်းအဝယ် တစ်ကြိမ်တည်းမှာ သင့်အရောင်းအဝယ် အရင်းအနှီးရဲ့ 1-2% ထက် ပိုပြီး စွန့်စားရမှုမရှိအောင် ရည်မှန်းဆောင်ရွက်ပါ။
      ‍
    • အမြတ်တစ်စိတ်တစ်ပိုင်းကို ရယူထားရင်း ကျန်ရှိနေတဲ့ အော်ဒါတွေကို ဆက်လက်ထားရှိကာ အကာအကွယ်ပိုမိုရရှိစေဖို့ Trailing Stop Loss အော်ဒါတွေ အသုံးပြုဖို့ကိုလည်း စဉ်းစားပါ။
      ‍
  3. စည်းကမ်းတကျ ထိန်းသိမ်းလုပ်ဆောင်ပါ : အောင်မြင်တဲ့ အရောင်းအဝယ် မဟာဗျူဟာတွေဆိုတာ အခွင့်အလမ်းတိုင်းနောက်ကို လိုက်နေတာမျိုးမဟုတ်ဘဲ တိကျသေချာတဲ့ အရောင်းအဝယ် အခင်းအကျင်းတွေကို ရွေးချယ်ဖော်ထုတ်ခြင်းသာ ဖြစ်ပါတယ်။
    ‍

နိဂုံးချုပ်

နိဂုံးချုပ်ရရင် Bollinger Bands နဲ့ RSI တို့ကို အသုံးပြုပြီး Mean Reversion မဟာဗျူဟာကို လက်တွေ့အသုံးချခြင်းဟာ Forex ဈေးကွက်ထဲမှာ ပိုမိုချင့်ချိန်နိုင်တဲ့ အရောင်းအဝယ် ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်အောင် သင့်ကို ကူညီပေးနိုင်ပါတယ်။ ဈေးကွက်ရဲ့ အတက်အကျ စည်းချက်တွေကို နားလည်ပြီး နည်းပညာဆိုင်ရာ အညွှန်းကိန်းတွေကို အကျိုးရှိရှိ အသုံးချခြင်းအားဖြင့် ဈေးနှုန်းတွေဟာ ပုံမှန်ဘောင်အတွင်းကနေ ဘယ်အချိန်မှာ သွေဖည်သွားသလဲဆိုတာကို သင် ထိထိရောက်ရောက် ဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်။

ယုံကြည်မှု တည်ဆောက်နိုင်ဖို့နဲ့ သင့်ရဲ့ ချဉ်းကပ်ပုံကို ပိုမိုကောင်းမွန်အောင် မွမ်းမံနိုင်ဖို့အတွက် ဒီမဟာဗျူဟာကို အစမ်းသုံးအကောင့်မှာ အရင်ဆုံး လေ့ကျင့်ကြည့်ဖို့ ကျွန်ုပ်တို့ အကြံပြုပါတယ်။ လာမယ့် သင်ခန်းစာမှာတော့ ငွေကြေးအချင်းချင်း ဆက်စပ်မှုအပေါ် အခြေခံတဲ့ အရောင်းအဝယ် မဟာဗျူဟာတွေအကြောင်း ဆွေးနွေးသွားပါမယ်။ ဒီသင်ခန်းစာမှာ ပါဝင်လေ့လာခဲ့တဲ့အတွက် ကျေးဇူးတင်ရှိပါတယ်၊ အဆင်ပြေချောမွေ့တဲ့ အရောင်းအဝယ်တွေ ပြုလုပ်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

Quiz

Mean reversion က ဘယ်အခြေခံသဘောတရားအပေါ် မူတည်နေပါသလဲ။

ဈေးနှုန်းက အပေါ်လိုင်း ဒါမှမဟုတ် အောက်လိုင်းကို ထိတဲ့အခါ Bollinger Bands က ဘာကို ညွှန်ပြပါသလဲ။

ထရိတ်ဒါတစ်ဦးအနေနဲ့ Mean reversion နည်းဗျူဟာတွေကို အသုံးပြုပြီး Long position ဝင်ဖို့ ဘယ်အချိန်မှာ စဉ်းစားသင့်ပါသလဲ။

Analyse markets with AI-powered insights

Explore TradersView
WhatsApp