စီးပွားရေးဆိုင်ရာ သတင်းထုတ်ပြန်ချက်တွေအတွင်း Breakout အရောင်းအဝယ် နည်းဗျူဟာတွေ
ဒီသင်ခန်းစာမှာတော့ ငွေကြေးဖောင်းပွမှု အစီရင်ခံစာတွေ ဒါမှမဟုတ် ဗဟိုဘဏ်ရဲ့ အတိုးနှုန်းဆိုင်ရာ ဆုံးဖြတ်ချက်တွေလိုမျိုး ဈေးကွက်အတက်အကျ ပြင်းထန်တဲ့ ဖြစ်ရပ်တွေအတွင်း အသုံးပြုနိုင်တဲ့ Breakout အရောင်းအဝယ် နည်းဗျူဟာတွေကို လေ့လာသွားပါမယ်။ ဒီလို အဓိကကျတဲ့ စီးပွားရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက်တွေဟာ ဈေးကွက်အပြောင်းအလဲ အကြီးအကျယ် ဖြစ်ပေါ်စေနိုင်ပြီး မှန်ကန်တဲ့ ချဉ်းကပ်ပုံနဲ့ဆိုရင် ဒီလို ဈေးကွက်အတက်အကျ ပြင်းထန်မှုကို အရောင်းအဝယ် အခွင့်အလမ်းတွေအဖြစ် သင် ပြောင်းလဲနိုင်ပါတယ်။
ဈေးကွက်အတက်အကျ ပြင်းထန်မှုကို နားလည်သဘောပေါက်ခြင်း
စီးပွားရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက်တိုင်းက ဈေးကွက်ရွေ့လျားမှု အကြီးအကျယ် ဖြစ်ပေါ်စေတာတော့ မဟုတ်ပါဘူး။ လက်တွေ့ထွက်ပေါ်လာတဲ့ အချက်အလက်တွေက ဈေးကွက်ရဲ့ မျှော်မှန်းချက်တွေနဲ့ ကွဲလွဲသွားတဲ့အခါ ဈေးကွက်အတက်အကျ ရုတ်တရက် မြင့်တက်လာလေ့ရှိပြီး အားကောင်းတဲ့ ဈေးနှုန်း Breakout တွေကို ဖြစ်ပေါ်စေတတ်ပါတယ်။ သက်ရောက်မှု အကြီးမားဆုံး ထုတ်ပြန်ကြေညာချက် တချို့ကတော့ :
- အတိုးနှုန်းဆိုင်ရာ ဆုံးဖြတ်ချက်တွေ : အတိုးနှုန်းကို တိုးမလား၊ လျှော့မလား ဒါမှမဟုတ် ဆက်ထိန်းထားမလားဆိုတဲ့ ဗဟိုဘဏ်တွေရဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်ပါတယ်။
- ငွေကြေးဖောင်းပွမှု အစီရင်ခံစာတွေ : ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေရဲ့ အထွေထွေဈေးနှုန်းအဆင့် မြင့်တက်လာတဲ့နှုန်းကို တိုင်းတာပေးပါတယ်။
- အလုပ်အကိုင်ဆိုင်ရာ အချက်အလက်တွေ : အလုပ်အကိုင်ရရှိမှု အဆင့်တွေအပေါ် အခြေခံပြီး စီးပွားရေးအခြေအနေ ကောင်းမွန်မှုကို သိရှိနားလည်စေနိုင်ပါတယ်။
နောက်ဆုံးရအချက်အလက်တွေကို အမြဲသိရှိနေစေဖို့ လာမယ့် ထုတ်ပြန်ကြေညာချက်တွေနဲ့ ဈေးကွက်အပေါ် မျှော်မှန်းထားတဲ့ သက်ရောက်မှုတွေကို ဖော်ပြထားတဲ့ စီးပွားရေးပြက္ခဒိန်ကို အသုံးပြုပါ။
ဈေးကွက်အတက်အကျ ပြင်းထန်တဲ့ ဖြစ်ရပ်တွေမှာ အရောင်းအဝယ်လုပ်ဖို့ ချဉ်းကပ်ပုံ
ဒီလိုဖြစ်ရပ်တွေအတွင်း သင် အရောင်းအဝယ်လုပ်ဖို့ အသင့်ဖြစ်တဲ့အခါ အောက်ပါ စနစ်တကျ ချဉ်းကပ်ပုံအတိုင်း လိုက်နာဆောင်ရွက်ပါ :
1. အဓိက Support နဲ့ Resistance အဆင့်တွေကို ရှာဖွေသတ်မှတ်ပါ Support နဲ့ Resistance အဆင့်တွေ
စီးပွားရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက် မထွက်ပေါ်ခင်မှာ အရေးပါတဲ့ Support နဲ့ Resistance အဆင့်တွေကို ရှာဖွေသတ်မှတ်ဖို့ သင့်ရဲ့ Chart ကို ဆန်းစစ်လေ့လာပါ။ ဈေးကွက်အတက်အကျ ပြင်းထန်နေချိန်အတွင်း ဒီအဆင့်တွေက သင့်ရဲ့ အရောင်းအဝယ် ဆုံးဖြတ်ချက်တွေကို လမ်းညွှန်ပေးမှာဖြစ်တဲ့အတွက် ဒီအဆင့်ဟာ အလွန်အရေးကြီးပါတယ်။ အောက်ပါတို့လိုမျိုး နည်းပညာပိုင်းဆိုင်ရာ ဆန်းစစ်လေ့လာရေး ကိရိယာအမျိုးမျိုးကို အသုံးပြုပါ :
- Fibonacci Retracement တွေ
- Bollinger Band တွေ
- Moving Average တွေ
2. ဈေးကွက်အဝင် နည်းဗျူဟာကို စီစဉ်သတ်မှတ်ပါ
ထည့်သွင်းစဉ်းစားနိုင်တဲ့ အသုံးများတဲ့ ဈေးကွက်အဝင် နည်းလမ်းနှစ်ခု ရှိပါတယ် :
- Breakout အဝင်နည်းလမ်း : အားကောင်းတဲ့ ဈေးကွက်ဦးတည်ချက်ကို အချက်ပြတဲ့အနေနဲ့ ဈေးနှုန်းက Resistance အထက် ဒါမှမဟုတ် Support အောက်ကို ရှင်းရှင်းလင်းလင်း ဖောက်ထွက်သွားတဲ့အထိ စောင့်ဆိုင်းပါ။ ဒီနည်းလမ်းက သိသာထင်ရှားတဲ့ ဈေးနှုန်းရွေ့လျားမှုတွေကို ဖမ်းယူနိုင်အောင် ကူညီပေးနိုင်ပါတယ်။
- အတည်ပြုချက်ယူပြီး အဝင်နည်းလမ်း : အရောင်းအဝယ် မဝင်ခင်မှာ Breakout ဖြစ်ပေါ်မှုကို အတည်ပြုဖို့ Volume ဒါမှမဟုတ် Momentum အညွှန်းကိန်းတွေကို အသုံးပြုပါ။ ဒီလို သတိထားချဉ်းကပ်တဲ့ နည်းလမ်းက Breakout အမှားတွေကြောင့် ဖြစ်ပေါ်မယ့် ဆုံးရှုံးနိုင်ခြေကို လျှော့ချပေးပါတယ်။
3. သင့်ရဲ့ ဆုံးရှုံးနိုင်ခြေကို စီမံခန့်ခွဲပါ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု နည်းဗျူဟာတွေ
ဈေးကွက်အတက်အကျ ပြင်းထန်တဲ့ အခြေအနေတွေမှာ စနစ်ကျတဲ့ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုရှိဖို့ အလွန်အရေးကြီးပါတယ်။ သင့်ရဲ့ ဆုံးရှုံးနိုင်ခြေကို ထိထိရောက်ရောက် စီမံခန့်ခွဲဖို့ မရှိမဖြစ်လိုအပ်တဲ့ ကိရိယာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် :
- အရောင်းအဝယ်ပမာဏ သတ်မှတ်ခြင်း : ဈေးကွက်အတက်အကျ ပြင်းထန်နေတဲ့ အခြေအနေတွေအတွင်း သင့်ရဲ့ စုစုပေါင်း ဆုံးရှုံးနိုင်ခြေကို ကန့်သတ်နိုင်ဖို့ ပိုနည်းတဲ့ ပမာဏတွေနဲ့ အရောင်းအဝယ်လုပ်ဖို့ စဉ်းစားပါ။
- Stop Loss အော်ဒါတွေ : ဆန့်ကျင်ဘက် ဈေးနှုန်းရွေ့လျားမှုတွေရန်ကနေ ကာကွယ်နိုင်ဖို့ သင့်ရဲ့ Stop Loss ကို Support ဒါမှမဟုတ် Resistance အဆင့်ရဲ့ အပြင်ဘက်နားလေးမှာ ဒါမှမဟုတ် Breakout မှတ်ရဲ့ ကျော်လွန်တဲ့နေရာမှာ သတ်မှတ်ထားပါ။
- Take Profit ပစ်မှတ်တွေ : ငွေကြေးရဲ့ နေ့စဉ်ပျမ်းမျှ ရွေ့လျားမှုအတိုင်းအတာ ဒါမှမဟုတ် သင်လိုချင်တဲ့ ဆုံးရှုံးနိုင်ခြေနဲ့ အကျိုးအမြတ် အချိုးအပေါ် အခြေခံပြီး Trailing Stop တွေကို အသုံးပြုပါ ဒါမှမဟုတ် တိကျတဲ့ အမြတ်ပစ်မှတ်တွေကို သတ်မှတ်ထားပါ။
ဥပမာ : ငွေကြေးဖောင်းပွမှု အစီရင်ခံစာ ထုတ်ပြန်ချိန်အတွင်း EUR/USD ကို အရောင်းအဝယ်လုပ်ခြင်း
အရင်က ထုတ်ပြန်ခဲ့တဲ့ ငွေကြေးဖောင်းပွမှု အချက်အလက်အပေါ် အခြေခံပြီး လက်တွေ့ဥပမာတစ်ခုကို လေ့လာကြည့်ကြရအောင်ပါ :
- နေ့စွဲက 10 ဇွန် 2022 ဖြစ်ပြီး အမေရိကန် ငွေကြေးဖောင်းပွမှု အချက်အလက်တွေ မကြာခင် ထုတ်ပြန်တော့မယ်လို့ ယူဆကြည့်ပါ။
- သင့်ရဲ့ EUR/USD Chart ကို ပြင်ဆင်ပြီး Bollinger Band တွေ ထည့်သွင်းကာ အဓိက Support နဲ့ Resistance အဆင့်တွေကို မှတ်သားထားပါ။
- ငွေကြေးဖောင်းပွမှုနှုန်းက မျှော်မှန်းချက်တွေထက် ကျော်လွန်မယ်လို့ သင် ခန့်မှန်းထားရင် အမေရိကန်ဒေါ်လာ တန်ဖိုးမာလာပြီး EUR/USD အတွဲ အားပျော့ကျဆင်းသွားမယ်လို့ သင် မျှော်လင့်ထားမှာ ဖြစ်ပါတယ်။
- ဈေးနှုန်းက အောက်ဘက် Bollinger Band အောက်ကို ဖောက်ဆင်းသွားတဲ့အခါ အရောင်းဝင်နိုင်ဖို့ 1.0565 မှာ Sell-stop အော်ဒါတစ်ခု ပေးထားပါ။
- အပေါ်ဘက်နားလေးဖြစ်တဲ့ 1.0580 မှာ Stop Loss နဲ့ 1.0520 မှာ Take Profit သတ်မှတ်ထားပြီး ဆုံးရှုံးနိုင်ခြေနဲ့ အကျိုးအမြတ် အချိုး 1:3 ကို တည်ဆောက်ထားပါ။
ငွေကြေးဖောင်းပွမှု အချက်အလက် ထွက်ပေါ်လာတဲ့အခါ မျှော်မှန်းထားတဲ့ 5.9% ထက် မြင့်မားပြီး 6% ဖြစ်နေတာကြောင့် အမေရိကန်ဒေါ်လာ အားကောင်းလာကာ EUR/USD ဈေးနှုန်း အပြင်းအထန် ထိုးဆင်းသွားတဲ့အတွက် သင့်ရဲ့ Sell-stop အော်ဒါ စတင်အသက်ဝင်သွားပြီး နောက်ဆုံးမှာ 1.0520 မှာရှိတဲ့ သင့်ရဲ့ Take Profit ပစ်မှတ်ကို ရောက်ရှိသွားပါတယ်။
နောက်ဆုံး ထည့်သွင်းစဉ်းစားရမယ့် အချက်တွေ
စီးပွားရေးသတင်းတွေအပေါ် အခြေခံပြီး Breakout အရောင်းအဝယ်လုပ်တာဟာ အကျိုးအမြတ် များနိုင်ပေမဲ့ ထုတ်ပြန်ကြေညာချက်တိုင်းက အရောင်းအဝယ်လုပ်လို့ရတဲ့ Breakout တစ်ခုကို ဖန်တီးပေးမှာ မဟုတ်ဘူးဆိုတာ သတိပြုဖို့ အရေးကြီးပါတယ်။
- လက်တွေ့ထွက်ပေါ်လာတဲ့ အချက်အလက်က မျှော်မှန်းချက်တွေနဲ့ အနီးစပ်ဆုံး တူညီနေမယ်ဆိုရင် ဈေးကွက်က သိသိသာသာ တုံ့ပြန်ချင်မှ တုံ့ပြန်မှာဖြစ်တဲ့အတွက် သေချာဂရုတစိုက် ဆန်းစစ်လေ့လာဖို့ အလွန်အရေးကြီးပါတယ်။
- ကျွမ်းကျင်တဲ့ အရောင်းအဝယ်သမားတွေဟာ ပိုမိုတိကျမှန်ကန်စေဖို့ ရေတိုအချက်ပြမှုတွေကို ရေရှည်လားရာတွေနဲ့ ပေါင်းစပ်ပြီး Breakout အချက်ပြမှုတွေကို အတည်ပြုနိုင်ဖို့ အချိန်ကာလမျိုးစုံ (Multiple timeframe) ဆန်းစစ်လေ့လာမှုကို အသုံးပြုလေ့ရှိကြပါတယ်။
အောင်မြင်တဲ့ Breakout အရောင်းအဝယ်ဟာ ဖြစ်နိုင်ခြေတွေကို စီမံခန့်ခွဲခြင်း၊ သတင်းအချက်အလက် အစုံအလင် သိရှိထားခြင်းနဲ့ သင့်ရဲ့ ဆုံးရှုံးနိုင်ခြေတွေကို ထိန်းချုပ်ထားနိုင်ခြင်းတို့အပေါ် မူတည်တယ်ဆိုတာ သတိရပါ။ တကယ့်ငွေကြေး ဆုံးရှုံးနိုင်ခြေမရှိဘဲ ဒီနည်းဗျူဟာတွေကို စမ်းသပ်လေ့ကျင့်ဖို့ Demo အကောင့်တစ်ခုမှာ လေ့ကျင့်ပါ၊ ပြီးတော့ သင့်ရဲ့ ချဉ်းကပ်ပုံကို ပိုမိုကောင်းမွန်အောင် မွမ်းမံဖို့ သင့်ရဲ့ အရောင်းအဝယ် အတွေ့အကြုံကို အသုံးချပါ။
Quiz
Breakout အရောင်းအဝယ်ဗျူဟာကို အသုံးပြုတဲ့အခါ အဓိကရည်မှန်းချက်က ဘာဖြစ်ပါသလဲ။
Forex ဈေးကွက်မှာ ဈေးနှုန်းအတက်အကျ ရုတ်တရက် မြင့်တက်မှုတွေက ဘယ်လိုအခြေအနေတွေမှာ ဖြစ်လေ့ရှိပါသလဲ။
ဈေးနှုန်းအတက်အကျပြင်းထန်တဲ့ ဖြစ်ရပ်တွေအတွင်း အရောင်းအဝယ်လုပ်တဲ့အခါ ထရိတ်ဒါတွေအနေနဲ့ သူတို့ရဲ့ ဆုံးရှုံးနိုင်ခြေကို ဘယ်လိုစီမံခန့်ခွဲနိုင်ပါသလဲ။


