
Stablecoin တွေဟာ ဈေးနှုန်းအတက်အကျ ပြင်းထန်မှုကို လျှော့ချဖို့ USD လိုမျိုး Fiat ငွေကြေးတစ်ခုနဲ့ တန်ဖိုးချိတ်ဆက်ထားတဲ့ ဒစ်ဂျစ်တယ်တိုကင်တွေ ဖြစ်ပေမဲ့ တန်ဖိုးချိတ်ဆက်မှု ပြုတ်ထွက်ခြင်း (depegging) နဲ့ ထုတ်ဝေသူဘက်က ပြဿနာတွေ ရှိနိုင်တာကြောင့် ဆုံးရှုံးနိုင်ခြေ လုံးဝကင်းရှင်းတာမျိုးတော့ မဟုတ်ပါဘူး။
ဒီလမ်းညွှန်မှာ Stablecoin ဆိုတာ ဘာလဲ၊ အရောင်းအဝယ်သမားတွေ ဘာကြောင့် သုံးကြသလဲဆိုတာနဲ့ သူတို့ရဲ့ ဆုံးရှုံးနိုင်ခြေတွေကို ရှင်းပြထားပါတယ်။
အကျဉ်းချုပ်
- Stablecoin တွေဟာ တန်ဖိုးတည်ငြိမ်နေအောင် ရည်ရွယ်ထားပြီး အများအားဖြင့် $1 USD နဲ့ တန်ဖိုးချိတ်ဆက်ထားလေ့ရှိပါတယ် (ဥပမာ - USDT၊ USDC)။
- အရောင်းအဝယ်သမားတွေဟာ Bitcoin (BTC) လို အတက်အကျကြမ်းတဲ့ ပိုင်ဆိုင်မှုတွေရဲ့ ဈေးနှုန်းမတည်ငြိမ်မှုကို ရှောင်ရှားဖို့ သူတို့ကို အသုံးပြုကြပါတယ်။
- သူတို့ဟာ ဆုံးရှုံးနိုင်ခြေ ကင်းရှင်းတာမျိုး မဟုတ်ပါဘူး။ ထုတ်ဝေသူဘက်မှာ ပြဿနာတွေ ပေါ်ပေါက်လာရင် တန်ဖိုးချိတ်ဆက်မှု ပြုတ်ထွက်တာ ဒါမှမဟုတ် ဈေးနှုန်းကျဆင်းတာမျိုး ဖြစ်နိုင်ပါတယ်။
- Stablecoin တွေကို ကွန်ရက် (network) မှားပြီး ပေးပို့မိရင် အပြီးအပိုင် ဆုံးရှုံးသွားနိုင်ပါတယ်။
Stablecoin ဆိုတာ ဘာလဲ
Stablecoin ဆိုတာ သမားရိုးကျ Fiat ငွေကြေးလိုမျိုး အရန်ပိုင်ဆိုင်မှုတစ်ခုနဲ့ တန်ဖိုးချိတ်ဆက်ထားပြီး (အများအားဖြင့် တစ်ကွိုင်လျှင် 1 USD နှုန်း) ပုံသေတန်ဖိုးတစ်ခုကို ထိန်းထားနိုင်အောင် အထူးဖန်တီးထားတဲ့ ခရစ်ပတိုငွေကြေး အမျိုးအစားတစ်ခု ဖြစ်ပါတယ်။
ဈေးနှုန်းအတက်အကျ သိသိသာသာ ကြမ်းတမ်းတဲ့ Bitcoin (BTC) လို တန်ဖိုးချိတ်ဆက်မထားတဲ့ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုတွေနဲ့ မတူဘဲ Stablecoin တွေဟာ ဈေးနှုန်းတည်ငြိမ်မှု ပေးနိုင်ဖို့နဲ့ ရုတ်တရက် ဈေးကွက်အပြောင်းအလဲတွေကို လျှော့ချဖို့ ရည်ရွယ်ပါတယ်။ အောက်ပါဇယားမှာ အချိန်ကာလတစ်လျှောက် Bitcoin ရဲ့ ဈေးနှုန်းအတက်အကျ ပြင်းထန်မှုနဲ့ နှိုင်းယှဉ်ပြီး Stablecoin တစ်ခုက တန်ဖိုးကို တစ်ပြေးညီ ဘယ်လိုထိန်းထားသလဲဆိုတာ ဖော်ပြထားပါတယ်။

အရောင်းအဝယ်သမားတွေက Stablecoin တွေကို ဘာကြောင့် သုံးကြသလဲ
အရောင်းအဝယ်သမားတွေဟာ အဓိကလုပ်ဆောင်ချက် 3 (သုံး) ခုအတွက် Stablecoin တွေကို အားထားကြပါတယ် :
- စံနှုန်းသတ်မှတ်သည့် ငွေကြေးများ (Quote currencies) : BTC/USDT လိုမျိုး အတွဲတွေမှာ ဈေးနှုန်းကို စံနှုန်းသတ်မှတ်တဲ့ ငွေကြေး (USDT) နဲ့ တိုင်းတာပါတယ်။
- လုံခြုံစိတ်ချရသည့် ရပ်ဝန်း (Safe haven) : ငွေသားအဖြစ် ပြန်မထုတ်ဘဲ အရောင်းအဝယ် တစ်ခုနဲ့တစ်ခုကြားမှာ တန်ဖိုးကို လုံခြုံစွာ ထိန်းသိမ်းပေးထားပါတယ်။
- စွမ်းဆောင်ရည်ကို ခြေရာခံခြင်း : တန်ဖိုးချိတ်ဆက်ထားတာကြောင့် အမြတ်အရှုံးတွေကို တိုင်းတာရတာ ရိုးရှင်းလွယ်ကူစေပါတယ်။
မှတ်ချက် : အိတ်ချိန်းအများစုဟာ အရောင်းအဝယ်အတွဲတွေအတွက် သမားရိုးကျ USD အစား Stablecoin တွေကို အသုံးပြုကြပါတယ်။

“တည်ငြိမ်ခြင်း” က “ဆုံးရှုံးနိုင်ခြေ ကင်းရှင်းခြင်း” ကို ဘာကြောင့် မဆိုလိုတာလဲ
Stablecoin တွေဟာ တည်ငြိမ်မှုရှိဖို့ ရည်ရွယ်ပေမဲ့ ဈေးနှုန်းအာမခံချက်တွေတော့ မရှိပါဘူး။
အဓိက ဆုံးရှုံးနိုင်ခြေတွေကတော့ :
- တန်ဖိုးချိတ်ဆက်မှု ပြုတ်ထွက်ခြင်း (Depegging) : ဈေးကွက်ပေါက်ဈေးတွေဟာ $1 အထက် ဒါမှမဟုတ် အောက်ကို အတက်အကျ ဖြစ်နိုင်ပါတယ်။
- ထုတ်ဝေသူ ငွေကြေးချွတ်ခြုံကျခြင်း : ထုတ်ဝေတဲ့ကုမ္ပဏီ ဒါမှမဟုတ် စနစ်ရဲ့ အရန်ငွေကြေးဆိုင်ရာ ပြဿနာတွေကြောင့် ကွိုင်ရဲ့တန်ဖိုး ကျဆင်းသွားနိုင်ပါတယ်။
တန်ဖိုးချိတ်ဆက်မှု ပြုတ်ထွက်ခြင်း ဥပမာ : အကယ်၍ 100 USDT မှာ တစ်ခုကို $0.98 အထိ ဈေးကျသွားရင် သင်ကိုင်ဆောင်ထားတဲ့ ပမာဏထဲက တန်ဖိုး $2 ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။
မှတ်သားဖွယ် : Stablecoin တွေဟာ တခြား ခရစ်ပတိုငွေကြေးတွေထက် ဈေးနှုန်းအပြောင်းအလဲ နည်းပါးပေမဲ့ တန်ဖိုးဆုံးရှုံးနိုင်ခြေကတော့ ရှိနေဆဲဖြစ်ပါတယ်။
Stablecoin တွေနဲ့ လွှဲပြောင်းမှု အမှားအယွင်းများ
လွှဲပြောင်းမှု အမှားအယွင်းတွေဟာ စတင်လေ့လာသူတွေအတွက် ငွေကြေးဆုံးရှုံးရတဲ့ အဖြစ်များဆုံး အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။
ငွေလွှဲပြောင်းရာမှာ ပိုက်ဆံအိတ်လိပ်စာတစ်ခုနဲ့ ကိုက်ညီတဲ့ ကွန်ရက်တစ်ခု လိုအပ်ပါတယ်။ တူညီတဲ့ တိုကင်တစ်ခုတည်းကပဲ ကွန်ရက်အမျိုးမျိုးပေါ်မှာ ရှိနေတတ်ပါတယ်။
ပံ့ပိုးမထားတဲ့ ကွန်ရက်တစ်ခုဆီ ရန်ပုံငွေတွေ ပေးပို့မိရင် ပြန်လည်ရယူလို့မရနိုင်တဲ့ ဆုံးရှုံးမှုမျိုး ဖြစ်ပေါ်လေ့ရှိပါတယ်။

လွှဲပြောင်းမှု ဥပမာ : Network A ပိုက်ဆံအိတ်တစ်ခုဆီ Network B ကနေတစ်ဆင့် 100 USDT ပေးပို့မိရင် ရန်ပုံငွေတွေ အပြီးအပိုင် ဆုံးရှုံးသွားနိုင်ပါတယ်။
လုံခြုံစိတ်ချရတဲ့ လွှဲပြောင်းမှုတွေအတွက် ဆုံးရှုံးနိုင်ခြေ လျှော့ချရေး လမ်းညွှန်ချက်များ :
- လိပ်စာတွေကို ကူးယူပြီး ထည့်သွင်းပါ (copy and paste)၊ ကိုယ်တိုင် စာရိုက်မထည့်ပါနဲ့။
- ထည့်သွင်းထားတဲ့ လိပ်စာရဲ့ အစနဲ့ အဆုံး စာလုံးတွေကို တိုက်ဆိုင်စစ်ဆေးပါ။
- မပေးပို့ခင် နှစ်ဖက်စလုံးမှာ ကွန်ရက်ချင်း ကိုက်ညီမှုရှိမရှိ အတည်ပြုပါ။
- ပမာဏအနည်းငယ်နဲ့ အရင်ဆုံး စမ်းသပ်ပေးပို့ကြည့်ပါ။
သတိထားရမယ့် Stablecoin လိမ်လည်မှုများ
အဖြစ်များတဲ့ ခရစ်ပတို လိမ်လည်မှု လက္ခဏာတွေကို သတိထားပါ :
- အရေးပေါ် အကောင့်သတိပေးချက်တွေ ဒါမှမဟုတ် သတိပေးချက်အတုတွေ။
- သေချာပေါက် အကျိုးအမြတ်ရမယ်လို့ ကတိပေးပြီး မိမိမတောင်းဆိုဘဲ ရောက်လာတဲ့ ကမ်းလှမ်းချက်တွေ။
- စကားဝှက်တွေ၊ 2FA ကုဒ်တွေ ဒါမှမဟုတ် ပြန်လည်ရယူရေး စကားစုတွေ (recovery seed phrases) တောင်းခံခြင်းတွေ။
- URL အတုတွေ သုံးထားတဲ့ Phishing ဝက်ဘ်ဆိုက်တွေ။

သတိပြုရန် : တရားဝင် ရင်းနှီးမြှုပ်နှံမှု ဘယ်အရာကမှ သေချာပေါက် အကျိုးအမြတ်ရမယ်လို့ အာမမခံပါဘူး။
Stablecoin တစ်ခုကို မကိုင်ဆောင်ခင် မေးသင့်တဲ့ မေးခွန်းများ
| မေးခွန်း | ဘာကြောင့် အရေးကြီးသလဲ |
|---|---|
| ဒါက ဘယ် Stablecoin လဲ၊ ဘယ်သူက ထုတ်ဝေတာလဲ။ | သူ့ရဲ့တန်ဖိုးက နောက်ကွယ်က ကုမ္ပဏီ ဒါမှမဟုတ် စနစ်ပေါ်မှာ မူတည်ပါတယ်။ |
| ကျွန်ုပ်ရဲ့ ပလက်ဖောင်းက ဘယ်အတွဲတွေနဲ့ ကွန်ရက်တွေကို ပံ့ပိုးပေးသလဲ။ | ကွန်ရက်မကိုက်ညီရင် ရန်ပုံငွေတွေ ဆုံးရှုံးသွားနိုင်ပါတယ်။ |
| ကျွန်ုပ်ရဲ့ ငွေဘယ်လောက်ပမာဏကို ပိုင်ဆိုင်မှုတစ်ခုတည်းမှာ ကိုင်ဆောင်ထားသလဲ။ | အရာအားလုံးကို တစ်နေရာတည်းမှာ စုပုံထားတာထက် ဆုံးရှုံးနိုင်ခြေကို ဖြန့်ခွဲထားတာက ပိုမိုဘေးကင်းပါတယ်။ |
| ဒီပမာဏ ဆုံးရှုံးသွားရင် ကျွန်ုပ် ခံနိုင်ရည်ရှိပါသလား။ | ဆုံးရှုံးသွားရင်တောင် သင်ခံနိုင်ရည်ရှိတဲ့ ငွေပမာဏကိုသာ အသုံးပြုပါ။ |
နောက်တစ်ဆင့်
ကျွန်ုပ်တို့ရဲ့ spot၊ futures နဲ့ CFDs တို့အကြား နှိုင်းယှဉ်ချက် လမ်းညွှန်မှာ spot နဲ့ futures အရောင်းအဝယ်တို့ ဘယ်လိုကွာခြားသလဲဆိုတာ လေ့လာပါ။
Quiz
Stablecoin က ဘာလုပ်ဖို့ ရည်ရွယ်ပါသလဲ။
BTC/USDT အတွဲမှာ ဘယ်ဟာက Quote currency ဖြစ်ပါသလဲ။
သင့်မှာ 100 USDT ကိုင်ဆောင်ထားပြီး ဈေးကွက်ဈေးနှုန်းက USDT တစ်ယူနစ်ကို 0.98 USD အထိ ကျဆင်းသွားပါတယ်။ သင်ကိုင်ဆောင်ထားတဲ့ ပမာဏရဲ့ တန်ဖိုးက ဘယ်လောက်ရှိပါသလဲ။
ငွေလွှဲရာမှာ အမှားအယွင်းတွေ လျော့နည်းစေဖို့ ဘယ်အလေ့အကျင့်က အထောက်အကူပြုပါသလဲ။