
သင့်ရဲ့ အရောင်းအဝယ်ကို သတ်မှတ်ထားတဲ့ ဈေးနှုန်းအဆင့်တစ်ခုမှာ ပိတ်ဖို့ မျှော်လင့်ချက်နဲ့ Stop Loss ကို သင် သတ်မှတ်ခဲ့ပါတယ်။ ဒါပေမဲ့ အရောင်းအဝယ်မှတ်တမ်းကို စစ်ဆေးကြည့်တဲ့အခါ ဆုံးရှုံးမှုက သင် တွက်ချက်ထားတာထက် ပိုများနေတာကို တွေ့ရပါတယ်။ Boom and Crash Indices မှာ ဒီလိုဖြစ်ရတာက Stop Loss အနေနဲ့ အရောင်းအဝယ်ပိတ်ဖို့ အချက်ပေးတဲ့ တာဝန်ကို ပုံမှန်အတိုင်း လုပ်ဆောင်ခဲ့ပေမဲ့ ဈေးနှုန်းက ရုတ်တရက် ပြင်းထန်တဲ့ လှုပ်ရှားမှုတစ်ခုအတွင်းမှာပဲ အဲဒီသတ်မှတ်အဆင့်ကို ကျော်ဖြတ်သွားပြီး အော်ဒါက နောက်ထပ်ရရှိနိုင်တဲ့ အနီးဆုံးဈေးနှုန်းမှာ အတည်ပြုပိတ်သိမ်းသွားလို့ ဖြစ်ပါတယ်။
Stop Loss က အလုပ်မလုပ်ဘဲ ပျက်ကွက်သွားတာ မဟုတ်ပါဘူး။ အတည်ပြုပိတ်သိမ်းသွားတဲ့ ဈေးနှုန်းက အော်ဒါဆောင်ရွက်တဲ့ အခိုက်အတန့်မှာ ဈေးကွက်အတွင်း ဖြစ်ပေါ်နေတဲ့ အခြေအနေကို ထင်ဟပ်ပြသနေတာပဲ ဖြစ်ပါတယ်။
Stop Loss ဈေးနှုန်းနဲ့ အော်ဒါအတည်ပြုဈေးနှုန်းကြားက ကွာခြားချက် ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို အောက်မှာ ဖော်ပြထားပါတယ်။
အဓိက သိမှတ်ဖွယ်ရာအချက်တွေ
- Stop Loss ဆိုတာ အရောင်းအဝယ်တစ်ခုကနေ ထွက်ခွာဖို့ စတင်အချက်ပေးတဲ့ ဈေးနှုန်းအဆင့်သာ ဖြစ်ပါတယ် — အဲဒီဈေးနှုန်းအတိုင်း အတိအကျ ပိတ်ပေးမယ်လို့ အာမခံထားတဲ့ ထွက်ခွာမှုဈေးနှုန်း မဟုတ်ပါဘူး။
- ဈေးကွက်က အဲဒီသတ်မှတ်အဆင့်ကို ရုတ်တရက် ပြင်းထန်စွာ ကျော်ဖြတ်သွားတဲ့အခါ အရောင်းအဝယ်က နောက်ထပ်ရရှိနိုင်တဲ့ ဈေးနှုန်းမှာ ပိတ်သွားပြီး အဲဒီဈေးနှုန်းဟာ စတင်ဝင်ရောက်ခဲ့တဲ့ ဈေးနှုန်းကနေ သင် တွက်ချက်ထားတာထက် ပိုဝေးတဲ့နေရာမှာ ရှိနေနိုင်ပါတယ်။
- Boom Indices က ဖြည်းဖြည်းချင်း အောက်ဘက်ကို ရွေ့လျားပြီး ရုတ်တရက် အပေါ်ဘက်ကို ထိုးတက်တတ်ပါတယ်။ Crash Indices ကတော့ ဖြည်းဖြည်းချင်း အပေါ်ဘက်ကို ရွေ့လျားပြီး ရုတ်တရက် အောက်ဘက်ကို ထိုးကျတတ်ပါတယ်။ သင်က Boom မှာ အရောင်းအော်ဒါဖွင့်ထားရင် အပေါ်ဘက်ကို ရုတ်တရက် ထိုးတက်မှုက သင့်အရောင်းအဝယ်နဲ့ ဆန့်ကျင်ဘက်ကို ရွေ့လျားပါတယ်။ Crash မှာ အဝယ်အော်ဒါဖွင့်ထားရင်တော့ အောက်ဘက်ကို ရုတ်တရက် ထိုးကျမှုက သင့်အရောင်းအဝယ်နဲ့ ဆန့်ကျင်ဘက်ကို ရွေ့လျားပါတယ်။
- ဒါကြောင့် အရောင်းအဝယ်တစ်ခုမှာ လက်တွေ့ဖြစ်ပေါ်လာတဲ့ ဆုံးရှုံးမှုဟာ Stop Loss နဲ့ ကန့်သတ်ထားတဲ့ ဆုံးရှုံးမှုပမာဏထက် ပိုများသွားနိုင်ပါတယ်။
- Stop Loss အကွာအဝေးကို ပိုကျယ်ကျယ် သတ်မှတ်တာ၊ အရောင်းအဝယ်ပမာဏကို လျှော့ချတာနဲ့ ရုတ်တရက် ဈေးနှုန်းထိုးတက်/ထိုးကျတဲ့ သဘောသဘာဝကို နားလည်ထားတာတွေက ထရိတ်ဒါတွေအနေနဲ့ ဒီအခြေအနေအတွက် ကြိုတင်ပြင်ဆင်နိုင်အောင် ကူညီပေးနိုင်ပါတယ်။
Stop Loss အဆင့်နဲ့ အော်ဒါအတည်ပြုဈေးနှုန်း အော်ဒါ အတည်ပြုဆောင်ရွက်ပုံကို နားလည်ခြင်း
Stop Loss အဆင့်ဆိုတာ အရောင်းအဝယ်ကနေ ထွက်ခွာဖို့ ညွှန်ကြားချက်ကို စတင်အသက်ဝင်စေတဲ့ ဈေးနှုန်းဖြစ်ပါတယ်။ အော်ဒါအတည်ပြုဈေးနှုန်းကတော့ အရောင်းအဝယ် အမှန်တကယ် ပိတ်သိမ်းသွားတဲ့ ဈေးနှုန်းဖြစ်ပါတယ်။
တည်ငြိမ်ပြီး ဖြည်းဖြည်းချင်း ရွေ့လျားနေတဲ့ ဈေးကွက်မှာတော့ အဲဒီကိန်းဂဏန်းနှစ်ခုဟာ ပုံမှန်အားဖြင့် အရမ်းနီးစပ်လေ့ရှိပါတယ်။ ဒါပေမဲ့ Tick တစ်ချက်အတွင်းမှာတင် ပြင်းထန်စွာ ရွေ့လျားနိုင်တဲ့ ဈေးကွက်မှာတော့ အဲဒီဈေးနှုန်းနှစ်ခုဟာ ကွာခြားနိုင်ပြီး တစ်ခါတစ်ရံမှာ သိသိသာသာ ကွာဟသွားတတ်ပါတယ်။ ဒါဟာ ဈေးနှုန်းရွေ့လျားမှု မြန်ဆန်တဲ့ ဒါမှမဟုတ် တစ်ဆက်တည်းမဟုတ်ဘဲ ခုန်ကျော်ရွေ့လျားတတ်တဲ့ ဘယ်ဈေးကွက်မှာမဆို ဖြစ်လေ့ရှိပါတယ်။ အထူးသဖြင့် ရုတ်တရက် ဈေးနှုန်းပြောင်းလဲမှုတွေ ဖြစ်ပေါ်အောင် တည်ဆောက်ထားတဲ့ Boom and Crash Indices မှာ ဒီအချက်က ပိုပြီး သက်ဆိုင်မှုရှိပါတယ်။
ရုတ်တရက် ဈေးနှုန်းထိုးတက်မှုတွေက Stop Loss အတည်ပြုဆောင်ရွက်မှုအပေါ် ဘာကြောင့် သက်ရောက်မှုရှိတာလဲ
Boom and Crash Indices မှာ တူညီတဲ့ အဓိက လက္ခဏာတစ်ခု ရှိပါတယ် : ဦးတည်ရာတစ်ဖက်တည်းကို ဖြည်းဖြည်းနဲ့ မှန်မှန် ရွေ့လျားနေရာကနေ ဆန့်ကျင်ဘက် ဦးတည်ရာကို ရုတ်တရက် ပြင်းထန်စွာ ပြောင်းလဲရွေ့လျားတတ်တာပဲ ဖြစ်ပါတယ်။
- Boom Indices က အဆင့်ငယ်လေးတွေနဲ့ အောက်ဘက်ကို ဖြည်းဖြည်းချင်း ရွေ့လျားပြီး အချိန်အပိုင်းအခြား ပုံသေမရှိဘဲ အပေါ်ဘက်ကို ရုတ်တရက် ပြင်းထန်စွာ ထိုးတက်တတ်ပါတယ်။
- Crash Indices က အဆင့်ငယ်လေးတွေနဲ့ အပေါ်ဘက်ကို ဖြည်းဖြည်းချင်း ရွေ့လျားပြီး အချိန်အပိုင်းအခြား ပုံသေမရှိဘဲ အောက်ဘက်ကို ရုတ်တရက် ပြင်းထန်စွာ ထိုးကျတတ်ပါတယ်။
ရုတ်တရက် ထိုးတက်တဲ့ ဒါမှမဟုတ် ထိုးကျတဲ့ ဦးတည်ရာပေါ် မူတည်ပြီး ဘယ်အရောင်းအဝယ်တွေနဲ့ ဆန့်ကျင်ဘက် ဖြစ်သွားမလဲဆိုတာ ကွဲပြားပါတယ်။ ဥပမာအားဖြင့် :
- သင်က Boom Index မှာ အရောင်းအော်ဒါဖွင့်ထားရင် ဈေးနှုန်းကျဆင်းမယ်လို့ ခန့်မှန်းပြီး အရောင်းအဝယ်လုပ်နေတာ ဖြစ်ပါတယ်။ အပေါ်ဘက်ကို ရုတ်တရက် ထိုးတက်မှုက ဈေးနှုန်းကို သင့်အရောင်းအဝယ်နဲ့ ဆန့်ကျင်ဘက် ဦးတည်ရာဆီ ရွေ့လျားစေပါတယ်။ အဲဒီလို ရုတ်တရက် ထိုးတက်သွားတဲ့အခါ ဈေးနှုန်းဟာ Tick တစ်ချက်အတွင်းမှာတင် သင့်ရဲ့ Stop Loss အထက်ကို ခုန်ကျော်သွားနိုင်ပါတယ်။
- သင်က Crash Index မှာ အဝယ်အော်ဒါဖွင့်ထားရင် ဈေးနှုန်းမြင့်တက်မယ်လို့ ခန့်မှန်းပြီး အရောင်းအဝယ်လုပ်နေတာ ဖြစ်ပါတယ်။ အောက်ဘက်ကို ရုတ်တရက် ထိုးကျမှုက ဈေးနှုန်းကို သင့်အရောင်းအဝယ်နဲ့ ဆန့်ကျင်ဘက် ဦးတည်ရာဆီ ရွေ့လျားစေပါတယ်။ အဲဒီလို ရုတ်တရက် ထိုးကျသွားတဲ့အခါ ဈေးနှုန်းဟာ Tick တစ်ချက်အတွင်းမှာတင် သင့်ရဲ့ Stop Loss အောက်ကို ကျော်ဆင်းသွားနိုင်ပါတယ်။

အခြေအနေနှစ်ခုစလုံးမှာ Stop Loss က အသက်ဝင်သွားပေမဲ့ အော်ဒါကို အတည်ပြုပိတ်သိမ်းတဲ့ အချိန်မှာတော့ ဈေးနှုန်းက သတ်မှတ်ထားတဲ့ အဆင့်ကို ကျော်လွန်သွားပြီ ဖြစ်ပါတယ်။ ဒါကြောင့် အော်ဒါဟာ နောက်ထပ်ရရှိနိုင်တဲ့ အနီးဆုံးဈေးနှုန်းမှာ ပိတ်သိမ်းသွားပါတယ်။
တွက်ချက်ပြထားတဲ့ ဥပမာ
ထရိတ်ဒါတစ်ဦးက Boom Index မှာ 10000.000 ဈေးနှုန်း၊ ပမာဏ 0.50 နဲ့ အရောင်းအော်ဒါတစ်ခု ဖွင့်လိုက်ပြီး Stop Loss ကို 10010.000 မှာ သတ်မှတ်ထားပါတယ်။
ကြိုတင်တွက်ချက်ထားတဲ့ ဆုံးရှုံးနိုင်ခြေကတော့ :
- 10010.000 − 10000.000 = 10 ပွိုင့်
- 10 × 0.50 = ကြိုတင်တွက်ချက်ထားတဲ့ ဆုံးရှုံးနိုင်ခြေ $5.00
ရုတ်တရက် ဈေးနှုန်းထိုးတက်မှု ဖြစ်ပေါ်လာပါတယ်။ အော်ဒါက 10010.000 အစား 10025.000 မှာ အတည်ပြုပိတ်သိမ်းသွားပါတယ်။
လက်တွေ့ဖြစ်ပေါ်လာတဲ့ ဆုံးရှုံးမှုကတော့ :
- 10025.000 − 10000.000 = 25 ပွိုင့်
- 25 × 0.50 = လက်တွေ့ဆုံးရှုံးမှု $12.50

Stop Loss က သူ့ရဲ့ လုပ်ဆောင်ချက်အတိုင်း အလုပ်လုပ်ခဲ့ပါတယ် : အရောင်းအဝယ်ကနေ ထွက်ခွာဖို့ အချက်ပေးခဲ့တာပါ။ အတည်ပြုပိတ်သိမ်းမှုကတော့ ရုတ်တရက် ဈေးနှုန်းထိုးတက်ပြီးနောက် ဈေးကွက်မှာ ရရှိနိုင်တဲ့ ဈေးနှုန်းအတိုင်း ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
Stop Loss က အလုပ်မလုပ်ဘဲ ပျက်ကွက်သွားတာလား
မဟုတ်ပါဘူး။ Stop Loss က သူလုပ်ဆောင်ရမယ့်အတိုင်း အတိအကျ လုပ်ဆောင်ခဲ့ပါတယ် : ဈေးနှုန်းက သင် သတ်မှတ်ထားတဲ့ အဆင့်ကို ရောက်တာနဲ့ အရောင်းအဝယ်ပိတ်ဖို့ အချက်ပေးခဲ့တာပါ။ ကွာခြားသွားနိုင်တာက အဲဒီနောက်မှာ အော်ဒါ အတည်ပြုပိတ်သိမ်းသွားတဲ့ ဈေးနှုန်းပဲ ဖြစ်ပါတယ်။ ရုတ်တရက် ထိုးတက်ချိန်မှာ ကြုံရတဲ့ Boom and Crash Indices လိုမျိုး ဈေးနှုန်းက တစ်ဆက်တည်းမဟုတ်ဘဲ ခုန်ကျော်ရွေ့လျားနိုင်တဲ့ ပစ္စည်းတွေမှာ အတည်ပြုပိတ်သိမ်းတဲ့ ဈေးနှုန်းဟာ သတ်မှတ်ထားတဲ့ အဆင့်ကို ကျော်လွန်နေနိုင်ပါတယ်။
ပုံမှန် Stop Loss ဆိုတာ အရောင်းအဝယ်ပိတ်ဖို့ ပေးထားတဲ့ ညွှန်ကြားချက်တစ်ခုသာ ဖြစ်ပြီး သတ်မှတ်ထားတဲ့ ဈေးနှုန်းအတိအကျမှာ ပိတ်ပေးမယ်လို့ အာမခံချက်ပေးထားတာ မဟုတ်ပါဘူး။
ရုတ်တရက် ဈေးနှုန်းထိုးတက်/ထိုးကျတတ်တဲ့ သဘောသဘာဝအတွက် ထရိတ်ဒါတွေ ဘယ်လိုကြိုတင်ပြင်ဆင်နိုင်မလဲ အရောင်းအဝယ်ပြုလုပ်ရာမှာ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲခြင်း
Boom and Crash Indices မှာ ရုတ်တရက် ဈေးနှုန်းထိုးတက်/ထိုးကျမှုတွေက ဒီညွှန်းကိန်းတွေရဲ့ တည်ဆောက်ပုံ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ ဘယ်အချိန်မှာ ဖြစ်မလဲဆိုတာ ကြိုတင်ခန့်မှန်းလို့ မရပေမဲ့ သူ့ရဲ့ သဘောသဘာဝကတော့ ပုံသေရှိနေပါတယ်။ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်အချို့ကတော့ :
- Stop Loss အကွာအဝေးကို ပိုကျယ်ကျယ် ထားရှိခြင်း။ ရုတ်တရက် ဈေးနှုန်းထိုးတက်/ထိုးကျတတ်တဲ့ ပစ္စည်းတစ်ခုမှာ Stop Loss ကို အရမ်းကပ်ပြီး ထားမယ်ဆိုရင် သတ်မှတ်ထားတဲ့ အဆင့်ထက် ကျော်လွန်တဲ့ ဈေးနှုန်းမှာ အော်ဒါပိတ်သွားနိုင်ခြေ ပိုများပါတယ်။
- အရောင်းအဝယ်ပမာဏကို လျှော့ချခြင်း။ ပမာဏအနည်းငယ်နဲ့ အရောင်းအဝယ်လုပ်တာက ဈေးနှုန်းချော်ထွက်မှု ဖြစ်ပေါ်တဲ့အခါမှာတောင် အဆိုးရွားဆုံး ပိတ်သိမ်းသွားနိုင်တဲ့ အခြေအနေကို လက်ခံနိုင်တဲ့ အတိုင်းအတာအတွင်းမှာပဲ ရှိနေအောင် ထိန်းထားပေးပါတယ်။
- ရုတ်တရက် ဈေးနှုန်းထိုးတက်/ထိုးကျတဲ့ အကြိမ်ရေကို နားလည်ထားခြင်း။ ညွှန်းကိန်းအမည်ထဲက ကိန်းဂဏန်း (ဥပမာ Boom 900) ဟာ Tick အများအပြားအတွင်းမှာ ရုတ်တရက် ဈေးနှုန်းထိုးတက်မှု ဖြစ်ပေါ်တတ်တဲ့ ပျမ်းမျှအကြိမ်ရေကို ရည်ညွှန်းပါတယ်။ Tick တစ်ချက်စီတိုင်းဟာ သီးခြားစီ လွတ်လပ်စွာ ဖြစ်ပေါ်တာကြောင့် အချိန်အတော်ကြာ ထိုးတက်မှု မဖြစ်သေးရုံနဲ့ နောက်တစ်ကြိမ် ဖြစ်ဖို့ ပိုနီးစပ်လာပြီလို့ မဆိုလိုပါဘူး။
- စာချုပ်ပါ သတ်မှတ်ချက်တွေကို စစ်ဆေးခြင်း။ Boom and Crash Indices ရဲ့ Spread၊ Swap နဲ့ Lot ပမာဏ အသေးစိတ်အချက်အလက်တွေကို ပလက်ဖောင်းပေါ်မှာ ကြည့်ရှုနိုင်ပြီး အရောင်းအဝယ်ပမာဏ မသတ်မှတ်ခင် ကြိုတင်လေ့လာထားသင့်ပါတယ်။
သင့်ဆုံးရှုံးမှုက မျှော်မှန်းထားတာထက် ပိုများနေပုံပေါ်ရင် ဘာတွေကို စစ်ဆေးရမလဲ
လက်တွေ့ဆုံးရှုံးမှုက Stop Loss နဲ့ ကန့်သတ်ထားတဲ့ ပမာဏထက် ပိုများနေပုံပေါ်ရင် အမှန်တကယ် ဘာဖြစ်ခဲ့သလဲဆိုတာကို အရောင်းအဝယ်မှတ်တမ်းမှာ တွေ့မြင်နိုင်ပါတယ်။ စုဆောင်းထားသင့်တဲ့ အသုံးဝင်မယ့် အချက်အလက်တွေကတော့ :
- အော်ဒါ ID (Position ID)
- အဝင်ဈေးနှုန်း
- Stop Loss အဆင့်
- အပိတ်ဈေးနှုန်း
- အရောင်းအဝယ်ပမာဏ (Volume)
- အော်ဒါပိတ်သိမ်းသွားတဲ့ အချိန်မှတ်တမ်း
- အရောင်းအဝယ် နေ့စဉ်မှတ်တမ်းနဲ့ အော်ဒါဆောင်ရွက်မှု မှတ်တမ်းတွေ
ဒီအချက်အလက်တွေအားလုံးကို ပေါင်းစပ်ကြည့်လိုက်ရင် အရောင်းအဝယ် ဘယ်လိုစတင်ပွင့်ခဲ့သလဲ၊ Stop Loss ကို ဘယ်နေရာမှာ သတ်မှတ်ခဲ့သလဲနဲ့ အော်ဒါက ဘယ်ဈေးနှုန်းမှာ အမှန်တကယ် အတည်ပြုပိတ်သိမ်းသွားသလဲဆိုတဲ့ အကြောင်းအရာအပြည့်အစုံကို သိရှိနိုင်ပါတယ်။
အကူအညီပေးရေးအဖွဲ့ကို ဘယ်အချိန်မှာ ဆက်သွယ်ရမလဲ
အရောင်းအဝယ် ဆောင်ရွက်ခဲ့တဲ့ ဈေးနှုန်း၊ အချိန်မှတ်တမ်း ဒါမှမဟုတ် Position မှတ်တမ်းက သင့်အရောင်းအဝယ် ပလက်ဖောင်းမှာ ပြသထားတာနဲ့ မကိုက်ညီရင် ပြန်လည်စစ်ဆေးနိုင်ဖို့ Position ID ကို Deriv ပံ့ပိုးကူညီရေးအဖွဲ့ဆီ မျှဝေပေးပါ (ကျွန်ုပ်တို့ရဲ့ ပံ့ပိုးကူညီရေးအဖွဲ့ဆီ မျှဝေဖို့ Position မှတ်တမ်းကိုလည်း Screenshot ရိုက်ယူနိုင်ပါတယ်)။ ပံ့ပိုးကူညီရေးအဖွဲ့က အော်ဒါကို အရောင်းအဝယ် ဆောင်ရွက်မှုမှတ်တမ်းတွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး ပလက်ဖောင်းဘက်မှာ ဘာဖြစ်ခဲ့လဲဆိုတာ အတည်ပြုပေးနိုင်ပါတယ်။
တာဝန်ခံမှု ကင်းလွတ်ကြောင်း ကြေညာချက် :
ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်တွင် ကမ်းလှမ်းထားသော ထုတ်ကုန်များသည် ဖြစ်ပေါ်လာနိုင်သည့် ဆုံးရှုံးနိုင်ခြေ သိသာစွာ မြင့်မားသော ရှုပ်ထွေးသည့် Derivative ထုတ်ကုန်များ ဖြစ်ပါသည်။ သင်သည် ဤထုတ်ကုန်များ မည်သို့အလုပ်လုပ်ပုံကို နားလည်ခြင်း ရှိ၊ မရှိနှင့် သင်၏ငွေကြေး ဆုံးရှုံးနိုင်ခြေ မြင့်မားမှုကို ခံနိုင်ရည် ရှိ၊ မရှိ စဉ်းစားသုံးသပ်သင့်ပါသည်။ ဖော်ပြထားသော စွမ်းဆောင်ရည် ကိန်းဂဏန်းများသည် အတိတ်ကာလကို ရည်ညွှန်းခြင်းဖြစ်ပြီး အတိတ်က စွမ်းဆောင်ရည်သည် အနာဂတ် စွမ်းဆောင်ရည်အတွက် အာမခံချက် မဟုတ်သကဲ့သို့ အနာဂတ် စွမ်းဆောင်ရည်အတွက် စိတ်ချရသော လမ်းညွှန်ချက်လည်း မဟုတ်ပါ။
ဤဆောင်းပါးသည် ပညာပေးရည်ရွယ်ချက်အတွက်သာ ဖြစ်ပြီး ဘဏ္ဍာရေး သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြံပြုချက် မဟုတ်ပါ။