Forex အရောင်းအဝယ်မှာ စီးပွားရေးညွှန်းကိန်းတွေရဲ့ အခန်းကဏ္ဍ
စီးပွားရေးဆိုင်ရာ စာရင်းအင်းအချက်အလက်တွေက စီးပွားရေးအခြေအနေ၊ လမ်းကြောင်းတွေနဲ့ Forex ဈေးကွက် အခြေခံသဘောတရားတွေအရ ငွေကြေးတန်ဖိုးရဲ့ အနာဂတ်အလားအလာတွေကို သိရှိစေနိုင်တာကြောင့် Forex ဈေးကွက်မှာ အခြေခံအချက်အလက် ဆန်းစစ်လေ့လာမှု ပြုလုပ်တဲ့ ထရိတ်ဒါတွေအတွက် စီးပွားရေးညွှန်းကိန်းတွေကို နားလည်ထားဖို့က အလွန်အရေးကြီးပါတယ်။ ဒီသင်ခန်းစာမှာတော့ Forex အရောင်းအဝယ်အပေါ် သက်ရောက်မှုရှိနိုင်တဲ့ အဓိက စီးပွားရေးညွှန်းကိန်းတွေကို နက်နက်နဲနဲ လေ့လာသွားမှာဖြစ်ပြီး၊ အဲဒီညွှန်းကိန်းတွေရဲ့ အရေးပါပုံနဲ့ သင့်ရဲ့ အရောင်းအဝယ် မဟာဗျူဟာတွေ ချမှတ်ရာမှာ ဘယ်လိုအသုံးချနိုင်မလဲဆိုတာကို ဆွေးနွေးပေးသွားပါမယ်။
စီးပွားရေးညွှန်းကိန်းတွေဆိုတာ ဘာလဲ
စီးပွားရေးညွှန်းကိန်းတွေဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးစွမ်းဆောင်ရည်ကို တိုင်းတာဖို့ အသုံးပြုတဲ့ ကိန်းဂဏန်းအချက်အလက်တွေ ဖြစ်ပါတယ်။ ဒီညွှန်းကိန်းတွေက မူဝါဒချမှတ်သူတွေ၊ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ထရိတ်ဒါတွေကို စီးပွားရေးအခြေအနေတွေ သုံးသပ်ဖို့၊ လမ်းကြောင်းတွေ ခြေရာခံဖို့နဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ ကူညီပေးပါတယ်။ စီးပွားရေးညွှန်းကိန်းတွေကို အဓိက အမျိုးအစား 3 မျိုး ခွဲခြားနိုင်ပါတယ် :
- ရှေ့ပြေးညွှန်းကိန်းတွေ : ရှေ့ပြေးညွှန်းကိန်းတွေက အနာဂတ် စီးပွားရေးလှုပ်ရှားမှုတွေအတွက် ခန့်မှန်းချက်တွေ ပေးစွမ်းပြီး ထရိတ်ဒါတွေအနေနဲ့ ဈေးကွက်ရွေ့လျားမှုတွေကို ကြိုတင်မှန်းဆနိုင်အောင် ကူညီပေးနိုင်ပါတယ်။
- နောက်ကျပြ ညွှန်းကိန်းတွေ : နောက်ကျပြ ညွှန်းကိန်းတွေက စီးပွားရေးလှုပ်ရှားမှုနဲ့ စွမ်းဆောင်ရည်တွေ ဖြစ်ပေါ်ပြီးနောက်ပိုင်းမှ ထင်ဟပ်ပြသတာဖြစ်ပြီး လက်ရှိစီးပွားရေးအခြေအနေကို သိရှိနားလည်စေပါတယ်။ ဒီညွှန်းကိန်းတွေက ဈေးကွက်လမ်းကြောင်းတွေကို အတည်ပြုရာမှာ တန်ဖိုးရှိပေမဲ့ အနာဂတ် စီးပွားရေးလှုပ်ရှားမှုကိုတော့ ကြိုတင်မခန့်မှန်းနိုင်ဘူးဆိုတာ နားလည်ထားဖို့ အရေးကြီးပါတယ်။
- တစ်ပြိုင်နက်ပြ ညွှန်းကိန်းတွေ : တစ်ပြိုင်နက်ပြ ညွှန်းကိန်းတွေက လက်ရှိစီးပွားရေးအခြေအနေကို ထင်ဟပ်ပြသပြီး ရှေ့ပြေးညွှန်းကိန်းတွေကနေ ပြသထားတဲ့ ပုံစံတွေကို အတည်ပြုပေးပါတယ်။
Forex ဈေးကွက်အပေါ် သက်ရောက်မှုရှိတဲ့ စီးပွားရေးညွှန်းကိန်းအချို့
ရှေ့ပြေး စီးပွားရေးညွှန်းကိန်းတွေ
- ဝယ်ယူရေးမန်နေဂျာ ညွှန်းကိန်း (PMI) : ဒီညွှန်းကိန်းကို ဝယ်ယူရေးမန်နေဂျာတွေဆီကနေ လစဉ်စစ်တမ်းကောက်ယူပြီး ရရှိလာတာဖြစ်ကာ ကုန်ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုကဏ္ဍတွေထဲက စီးပွားရေးအခြေအနေအပေါ် သူတို့ရဲ့ အမြင်ကို တိုင်းတာပေးပါတယ်။ PMI ကိန်းဂဏန်းက 50 အထက်မှာရှိရင် စီးပွားရေးတိုးချဲ့လာတာကို ပြသပြီး 50 အောက်မှာရှိရင်တော့ စီးပွားရေးကျုံ့သွားတာကို ညွှန်ပြပါတယ်။ PMI လမ်းကြောင်းတွေကို နားလည်ထားတာက စီးပွားရေး ဘယ်ကိုဦးတည်နေလဲဆိုတာ တိုင်းတာနိုင်ဖို့ ထရိတ်ဒါတွေကို ကူညီပေးနိုင်ပါတယ်။
- စီးပွားရေးလုပ်ငန်း ယုံကြည်မှု : ဒီညွှန်းကိန်းက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဦးဆောင်သူတွေအနေနဲ့ စီးပွားရေးအပေါ် ဘယ်လောက်အကောင်းမြင်စိတ်ရှိလဲဆိုတာကို သုံးသပ်ပေးပါတယ်။ စီးပွားရေးလုပ်ငန်း ယုံကြည်မှု မြင့်မားတာက ရင်းနှီးမြှုပ်နှံမှုနဲ့ ဝန်ထမ်းခန့်အပ်မှု တိုးလာတာနဲ့ ဆက်စပ်နေလေ့ရှိပြီး စီးပွားရေးတိုးတက်မှုအပေါ် ကောင်းမွန်တဲ့ သက်ရောက်မှု ရှိစေနိုင်ပါတယ်။
- စားသုံးသူယုံကြည်မှု ညွှန်းကိန်း (CCI) : ဒီညွှန်းကိန်းက စားသုံးသူတွေရဲ့ သဘောထားနဲ့ စီးပွားရေးအပေါ် သူတို့ရဲ့ မျှော်မှန်းချက်တွေကို တိုင်းတာပေးပါတယ်။ CCI မြင့်မားတာက စားသုံးသူတွေအနေနဲ့ ငွေသုံးစွဲဖို့ ဆန္ဒရှိနေတာကို ပြသပြီး စီးပွားရေးတိုးတက်မှုကို မောင်းနှင်ပေးနိုင်ခြေရှိပေမဲ့၊ CCI နိမ့်ကျတာကတော့ သတိထားနေကြတာနဲ့ ငွေသုံးစွဲမှု လျော့နည်းသွားနိုင်ခြေကို ညွှန်ပြပါတယ်။
နောက်ကျပြ စီးပွားရေးညွှန်းကိန်းတွေ
- ငွေကြေးဖောင်းပွမှု : စားသုံးသူဈေးဆနှုန်း (CPI) နဲ့ တိုင်းတာတဲ့ ငွေကြေးဖောင်းပွမှုက ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေရဲ့ အထွေထွေဈေးနှုန်းအဆင့် မြင့်တက်လာတဲ့နှုန်းကို ကိုယ်စားပြုပါတယ်။ ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားတာက ဝယ်ယူနိုင်စွမ်းအားကို လျော့ကျစေနိုင်ပြီး စားသုံးသူသုံးစွဲမှု ကျဆင်းတာနဲ့ လူနေမှုအဆင့်အတန်း နိမ့်ကျသွားနိုင်ခြေတွေကို ဖြစ်ပေါ်စေပါတယ်။ ငွေကြေးဖောင်းပွမှုက ဗဟိုဘဏ်မူဝါဒတွေ၊ အထူးသဖြင့် အတိုးနှုန်းဆိုင်ရာ ဆုံးဖြတ်ချက်တွေအပေါ် လွှမ်းမိုးနိုင်တာကြောင့် ထရိတ်ဒါတွေက အနီးကပ် စောင့်ကြည့်ကြပါတယ်။ နိမ့်ကျပြီး တည်ငြိမ်တဲ့ ငွေကြေးဖောင်းပွမှုအဆင့်က သုံးစွဲမှုနဲ့ ရင်းနှီးမြှုပ်နှံမှုကို အားပေးပြီး စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုတာကြောင့် ယေဘုယျအားဖြင့် အကောင်းဘက်က ရှုမြင်ကြပါတယ်။
- အလုပ်လက်မဲ့နှုန်း : ဒီရာခိုင်နှုန်းက စုစုပေါင်းလုပ်သားအင်အားစုထဲမှာရှိတဲ့ အလုပ်လက်မဲ့လုပ်သား အရေအတွက်ကို ထင်ဟပ်ပြသပေမဲ့ အလုပ်ရှာဖွေတာ ရပ်နားလိုက်သူတွေတော့ မပါဝင်ပါဘူး။ အလုပ်လက်မဲ့နှုန်း မြင့်တက်လာတာက စီးပွားရေးအခက်အခဲကို အချက်ပြနိုင်ပြီး အလုပ်လက်မဲ့နှုန်း နိမ့်ကျတာကတော့ ခိုင်မာအားကောင်းတဲ့ စီးပွားရေးကို ညွှန်ပြနိုင်ပါတယ်။ ဒါပေမဲ့ အလုပ်လက်မဲ့နှုန်းမှာ စိတ်ဓာတ်ကျပြီး လုပ်သားအင်အားစုထဲကနေ ထွက်ခွာသွားသူတွေကို ထည့်သွင်းတွက်ချက်မထားတာကြောင့် တစ်ခါတစ်ရံမှာ ထင်ယောင်ထင်မှား ဖြစ်စေနိုင်ပါတယ်။
- ကုန်သွယ်ရေးလက်ကျန် : ဒီညွှန်းကိန်းက နိုင်ငံတစ်နိုင်ငံရဲ့ ပို့ကုန်နဲ့ သွင်းကုန်ကြားက ကွာခြားချက်ကို ကိုယ်စားပြုပါတယ်။ ကုန်သွယ်ရေးပိုငွေပြတာက နိုင်ငံတစ်နိုင်ငံအနေနဲ့ ပြည်ပကနေ ဝယ်ယူတာထက် ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကို ပိုမိုရောင်းချနေရတာကို ညွှန်ပြပြီး စီးပွားရေးကြံ့ခိုင်မှုအတွက် ကောင်းမွန်တဲ့ အထောက်အကူ ဖြစ်စေပါတယ်။ အပြန်အလှန်အားဖြင့် ကုန်သွယ်ရေးလိုငွေပြတာက ပို့ကုန်ကနေ ရရှိတဲ့ဝင်ငွေထက် သွင်းကုန်အပေါ် ပိုမိုသုံးစွဲနေရတာကို ပြသပြီး ချေးငွေယူမှု တိုးလာတာနဲ့ ငွေကြေးတန်ဖိုး အားနည်းသွားနိုင်ခြေတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
တစ်ပြိုင်နက်ပြ စီးပွားရေးညွှန်းကိန်းတွေ
- စုစုပေါင်းပြည်တွင်းထုတ်ကုန် (GDP) : GDP က သတ်မှတ်ထားတဲ့ ကာလတစ်ခုအတွင်း နိုင်ငံတစ်နိုင်ငံထဲမှာ ထုတ်လုပ်လိုက်တဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေရဲ့ စုစုပေါင်းတန်ဖိုးကို တိုင်းတာပေးပါတယ်။ GDP တိုးတက်လာတာက စီးပွားရေး ပိုမိုအားကောင်းလာတာကို ပြသပြီး၊ သုံးလပတ် နှစ်ကြိမ်ဆက်တိုက် အနှုတ်လက္ခဏာဆောင်ပြီး ကျဆင်းတာကတော့ စီးပွားရေးဆုတ်ယုတ်မှုကို အချက်ပြပါတယ်။
- လက်လီရောင်းအား : ဒီတိုင်းတာချက်က လက်လီကဏ္ဍအတွင်း ကုန်ပစ္စည်း စုစုပေါင်းရောင်းအားကို ခြေရာခံပေးပါတယ်။ ဒါက စားသုံးသူတွေရဲ့ ငွေသုံးစွဲမှုအလေ့အထနဲ့ အလုံးစုံစီးပွားရေးကြံ့ခိုင်မှုကို သိရှိနားလည်စေပါတယ်။ လက်လီရောင်းအား သိသိသာသာ ပြောင်းလဲမှုတွေက စီးပွားရေးဝန်းကျင် အပြောင်းအလဲတွေကို ညွှန်ပြနိုင်ပါတယ်။
- ပုဂ္ဂလိက စားသုံးမှုနဲ့ အသုံးစရိတ် (PCE) : PCE က ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေအပေါ် စားသုံးသူတွေရဲ့ သုံးစွဲမှုကို ခြေရာခံပြီး အိမ်ထောင်စုစားသုံးမှုကို ကျယ်ကျယ်ပြန့်ပြန့် မြင်တွေ့စေနိုင်ပါတယ်။ PCE မှာ လက်လီရောင်းအားထက် ပိုမိုကျယ်ပြန့်တဲ့ အသုံးစရိတ်တွေ ပါဝင်တာကြောင့် စီးပွားရေးပညာရှင်တွေက ငွေကြေးဖောင်းပွမှု တိုင်းတာချက်တစ်ခုအဖြစ် ပိုမိုနှစ်သက်လေ့ရှိကြပါတယ်။
ဈေးကွက်မျှော်မှန်းချက်နဲ့ လက်တွေ့အချက်အလက် နှိုင်းယှဉ်ချက်
စီးပွားရေးညွှန်းကိန်းတွေက Forex ဈေးကွက်အပေါ် ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာ ဆန်းစစ်လေ့လာတဲ့အခါ ကြိုတင်ခန့်မှန်းထားတဲ့ အချက်အလက်နဲ့ လက်တွေ့ထွက်ပေါ်လာတဲ့ ရလဒ်ကြားက ကွာခြားချက်ကို ထည့်သွင်းစဉ်းစားဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ဒီကွာဟချက်က ငွေကြေးတန်ဖိုးတွေကို သိသိသာသာ အတက်အကျ ဖြစ်ပေါ်စေနိုင်ပါတယ် :
- ခန့်မှန်းချက်နဲ့ လက်တွေ့အချက်အလက် နှိုင်းယှဉ်ချက် : ထရိတ်ဒါတွေအနေနဲ့ စီးပွားရေးအစီရင်ခံစာတွေ မထွက်ပေါ်ခင်မှာ မျှော်မှန်းထားတဲ့ ကိန်းဂဏန်းတွေကို သိရှိထားသင့်ပါတယ်။ လက်တွေ့ထွက်ပေါ်လာတဲ့ အချက်အလက်က ခန့်မှန်းချက်တွေနဲ့ သိသိသာသာ ကွဲလွဲနေမယ်ဆိုရင်၊ ထရိတ်ဒါတွေက ငွေကြေးအားကောင်းမှု သို့မဟုတ် အားနည်းမှုအပေါ် မူတည်ပြီး တုံ့ပြန်ချိန်ညှိကြတာကြောင့် Forex ဈေးကွက်ထဲမှာ ဈေးနှုန်းအပြင်းအထန် ရွေ့လျားမှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
အောင်မြင်တဲ့ ထရိတ်ဒါတွေက ဒီညွှန်းကိန်းတွေနဲ့ သက်ဆိုင်တဲ့ စီးပွားရေးပြက္ခဒိန် ထုတ်ပြန်ချက်တွေကို အစဉ်တစိုက် စောင့်ကြည့်ပြီး လက်ရှိနဲ့ ကြိုတင်မှန်းဆထားတဲ့ ဈေးကွက်အခြေအနေတွေအပေါ် အခြေခံကာ သူတို့ရဲ့ မဟာဗျူဟာတွေကို ချိန်ညှိကြပါတယ်။ နည်းပညာပိုင်း ဆန်းစစ်လေ့လာမှုကို စီးပွားရေးညွှန်းကိန်းတွေနဲ့ ပေါင်းစပ်အသုံးပြုတာက ဆုံးဖြတ်ချက်ချမှတ်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ပြီး အရောင်းအဝယ်ရလဒ်တွေကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။
နိဂုံးချုပ် : စီးပွားရေးညွှန်းကိန်းတွေနဲ့အတူ ခြေတစ်လှမ်းသာနေပါ
Forex ဈေးကွက်မှာ ထိထိရောက်ရောက် ဖြတ်သန်းလုပ်ကိုင်လိုတဲ့ အရောင်းအဝယ်လုပ်သူတိုင်းအတွက် စီးပွားရေးညွှန်းကိန်းတွေကို သေသေချာချာ နားလည်သဘောပေါက်ထားဖို့ အလွန်အရေးကြီးပါတယ်။ နောက်ကျညွှန်းကိန်း၊ ရှေ့ပြေးညွှန်းကိန်းနဲ့ တစ်ပြိုင်နက်ညွှန်းကိန်းတွေကို သဘောပေါက်နားလည်ထားမယ်ဆိုရင် သင့်အနေနဲ့ ဈေးကွက်လှုပ်ရှားမှုတွေကို ကြိုတင်ခန့်မှန်းနိုင်ပြီး အချက်အလက်ပေါ်အခြေခံတဲ့ အရောင်းအဝယ်ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်မှာ ဖြစ်ပါတယ်။ သင့်ရဲ့ အရောင်းအဝယ်ခရီးစဉ်မှာ ရှေ့ဆက်တိုးတက်လာတာနဲ့အမျှ ငွေကြေးတန်ဖိုးတွေအပေါ် သက်ရောက်မှုရှိတဲ့ စီးပွားရေးအခင်းအကျင်းအကြောင်း စဉ်ဆက်မပြတ် လေ့လာသင်ယူပြီး သင့်ရဲ့ မဟာဗျူဟာတွေကို လိုက်လျောညီထွေ ပြောင်းလဲကျင့်သုံးဖို့ ပြင်ဆင်ထားပါ။
Quiz
အောက်ပါအရာတွေထဲက ဘယ်တစ်ခုဟာ နောက်ဆက်တွဲ စီးပွားရေးညွှန်းကိန်း ဖြစ်ပါသလဲ။
စားသုံးသူယုံကြည်မှုညွှန်းကိန်း (CCI) က စီးပွားရေးအပေါ် ဘယ်လိုသက်ရောက်မှုရှိပါသလဲ။
Forex အရောင်းအဝယ်လုပ်သူတွေအတွက် ကုန်သွယ်ရေးလက်ကျန်က ဘာကြောင့် အရေးကြီးပါသလဲ။


